ရွေးကောက်ပွဲစနစ် အသစ်တစ်ခု ပြောင်းလဲပါက ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရန်လို၊ မလို လွှတ်တော်၏ အဆုံးအဖြတ်သာ အဓိက ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်၏ ဆုံးဖြတ်ချက်ကို နာခံမည် ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က "ဒါကတော့ လွှတ်တော်ကနေ ဆုံးဖြတ်မှာပေါ့။ ကျွန်တော် သိသလောက်ကတော့ ပြည်သူ့လွှတ်တော် ပြည်ထောင်စုလွှတ်တော်ကြီးကလည်း ရှိနေသေးတယ်။ ဘာတွေ ဆုံးဖြတ်မလဲ။ ဆုံးဖြတ်တဲ့ အတိုင်းပေါ့’’ ဟု ပြောသည်။
လက်ရှိတွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေသည့် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့် ရွေးကောက်ပွဲ စနစ် ရွေးချယ်ရန် ရွေးကောက်ပွဲဒီဇိုင်း ရှစ်မျိုးတင်သွင်းထားပြီး အကြိတ်အနယ် ဆွေးနွေးလျက်ရှိသည်။
ယင်းရွေးကောက်ပွဲ ဒီဇိုင်းများအနက် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ရသည့်စနစ်သည်သာ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီပြီး အခြားဒီဇိုင်းများသည် ဖွဲ့စည်းပုံနှင့် ဆန့်ကျင်နေသည်ဟု တပ်မတော်သား ကိုယ်စားလှယ်အချို့နှင့် အတိုက်အခံ အင်န်အလ်ဒီ ပါတီ အမတ်တို့က ဝေဖန်ထားသည်။
ထို့ပြင် ပြည်သူများက တောင်းဆိုမှုမရှိပါဘဲ ပါတီတစ်ခုမှ ကိုယ်စားလှယ် တစ်ဦးက တောင်းဆိုချက်ကို ဆောင် ရွက်ခြင်း သည် ပြည်သူ့ဆန္ဒ အလေးမထားဘဲ လုပ်ရာရောက်သည်ဟုလည်း ဝေဖန်ထားသည်။
အင်န်အယ်လ်ဒီပါတီ၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ ဒေါ်သန်းငွေက “PR (အချိုးကျ ကို်ယ်စားပြုစနစ်) အရ ဆိုရင် လူပုဂ္ဂိုလ်ကို ပေးတဲ့မဲကို ပါတီမဲအဖြစ် ပြောင်းသုံးခြင်းဟာ အခြေခံဥပဒေ နဲ ့မညီပါဘူး” ဟု ထောက်ပြခဲ့သည်။
တည်ဆဲဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်သူ့လွှတ်တော်အတွက်မြို့နယ်တစ်မြို့နယ်ကို မဲဆန္ဒတစ်နယ် သတ်မှတ်ထားပြီး အမျိးသားလွှတ်တော် အတွက်မူ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် မဲဆန္ဒနယ် ၁၂ နယ်သတ်မှတ်ထားသည်။
ထို့ပြင်လူတစ်ဦးလျှင်မဲဆန္ဒတစ်မဲသာပေးခွင့်ရှိသည့်အတွက် လက်ရှိဆွေးနွေးနေသည့် အချိုးကျကိုယ်စားပြုစနစ် ဒီဇိုင်းအချို့တွင် ကိုယ်စားလှယ်လောင်း သာမက ပါတီကိုပါ မဲပေးရသည့် ဒီဇိုင်းအချို့သည်လည်း ဖွဲ့စည်းပုံနှင့် မကိုက်ညီပေ။
မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ရွေးချယ်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းခဲ့ဖြစ်ပြီး ၎င်းအား ဒေသခံ မဲဆန္ဒရှင်များကလည်း ဆန္ဒပြခဲ့သေးသည်။