ရခိုင်မှ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများ ပြီးစီးပါက ရွှေစီမံကိန်းမှ ဓာတ်ငွေ့ ကုဗပေသန်း ၂၀ ပို့လွှတ်မည်

ရခိုင်မှ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများ ပြီးစီးပါက ရွှေစီမံကိန်းမှ ဓာတ်ငွေ့ ကုဗပေသန်း ၂၀ ပို့လွှတ်မည်
by -
မဇ္စျိမ

ရခိုင်ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြီးများ ပြီးစီးချိန်တွင် ရွှေစီမံကိန်းမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀ ကို အပြည့်အဝ ပို့လွှတ်ပေးမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ပြည်တွင်းသုံးစွဲမှုမှ ရရှိသည့် ဓာတ်ငွေ့ ကုဗပေသန်း ၈၀ အနက် ဓာတ်ငွေ့ကုဗပေသန်း ၂၀ ကို ရခိုင်ပြည်နယ်အတွက် ပြန်လည် ဖြန့်ဖြူးပေးခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တည်ဆောက်လျက်ရှိသည့် လျှစ်စစ်ဓာတ်အား စီမံကိန်းကြီးများမှ ပြီးစီးနိုင်ခြင်း မရှိသေးသည့်အတွက် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် ခွဲတမ်းအနက်မှ ဓာတ်ငွေ့ ကုဗပေ တစ်သန်းခန့်ကိုသာ ပို့လွှတ်နိုင်သေးသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသော ကျောက်ဖြူ  ဂတ်စ်တာဘိုင် - ရမ်းဗြဲဓာတ်အားလိုင်းနှင့် ကျောက်ဖြူ ဂတ်စ်တာဘိုင် - မဒဲနှစ်ထပ် ဓာတ်အားလိုင်းတို့မှ ယခုနှစ်ဒီဇင်ဘာလအတွင်းပြီးစီးနိုင်မည်ဖြစ်ရာ ရခိုပြည်နယ်အတွက် ရရှိသည့် ဓာတ်ငွေ့ခွဲတမ်းများကို လက်ရှိပို့လွတ်ပေးနေသည့် ပမာဏထက် ပိုမို ပို့လွှတ်ပေးလာနိုင်မည် ဖြစ်သည်။

"ကျောက်ဖြူ ဂတ်စ်တာဘိုင်ဆိုလည်း မပြီးသေးဘူး။ လျှပ်စစ်စီမံကိန်းတွေ အပြီးသတ်မပြီးစီးသေးတဲ့ အတွက် ရရှိတဲ့ ဓာတ်ငွေ့ကို အပြည့်အဝ မလွှတ်နိုင်ဘူးဖြစ်နေတယ်။ စီမံကိန်းပြီးစီးတာနဲ့ စာချုပ်ပါအတိုင်းရတဲ့ ဓာတ်ငွေ့ကို အပြည့်လွှတ်ပေးသွားမယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ၂၃၀ ကေဗွီမဟာဓာတ်အား လိုင်းစီမံကိန်းခြောက်ခု၊ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံစီမံကိန်း ခြောက်ခု၊ ၆၆ ကေဗီဓာတ်အားလိုင်း စီမံကိန်း ၁၂ ခု၊ ၆၆ ကေဗီဓာတ်အားခွဲရုံစီမံကိန်း ၁၄ ခုကို ဆောင်ရွက်နေသည်။

အဆိုပါလျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်းများအနက် အချို့စီမံကိန်းများကို ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားလိုင်း စီမံကိန်းများကို ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၅ အတွင်း ပြီးစီးရန် ဆောင်ရွက်နေသည်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးမှ ပြည်တွင်းသုံးစွဲမှုအတွက် ရရှိသည့် ဓာတ်ငွေ့ ခွဲတမ်းများကို လျှပ်စစ်ဓာတ် အားပေးရေး စီမံကိန်းကြီးများတွင် အဓိက သုံးစွဲနေခြင်းဖြစ်ပြီး ပြည်တွင်းမှ လျှပ်စစ်ဓာတ်အား စီမံကိန်းကြီးများ ပြီးစီးခြင်း မရှိသေးသည့်အတွက် ရွှေသဘာဝ ဓာတ်ငွေ့မှ ပြည်တွင်းအတွက်ရရှိသည့် ဓာတ်ငွေ့ ကုဗပေ သန်း ၈၀ အနက် သန်း ၂၀ ခန့်သာ လက်ခံသုံးစွဲနိုင်သေးသည်။

Most read this week