SSPP/SSA အား ဆင်နွှဲသည့် တိုက်ပွဲများတွင် ပြည်သူ့စစ် အင်အား တစ်ထောင်ကျော် ပါဝင်

SSPP/SSA အား ဆင်နွှဲသည့် တိုက်ပွဲများတွင် ပြည်သူ့စစ် အင်အား တစ်ထောင်ကျော် ပါဝင်
by -
သျှမ်းသံတော်ဆင့်

အောက်တိုဘာလ အတွင်းက သျှမ်းပြည် တပ်မတော် SSPP/SSA အား ဆင်နွှဲခဲ့သည့် တိုက်ပွဲများတွင် အစိုးရ တပ်မတော်သည် သျှမ်းပြည် တောင်ပိုင်း/ မြောက်ပိုင်းမှ ဌာနေ ပြည်သူ့စစ် အင်အား ၁၀၀၀ ထက်မနည်း အသုံးပြုသည်ဟု ဆိုသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ သီပေါမြို့နယ်၊ မိုင်းရယ်မြို့နယ်အတွင်း အခြေချလှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား ဦးတည်တိုက်ခိုက်ရာ အောက်တိုဘာ ၂ ရက်မှ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၄၁ ကြိမ် ဖြစ်ပွားကြောင်း၊ ထိုတိုက်ပွဲများတွင် အစိုးရတပ်မတော်ဘက် မှ ဒေသတွင်းဌာနေပြည်သူ့စစ်  အများအပြားသုံးထားကြောင်း အမည်မဖေါ်လိုသည့် ပြည်သူ့ စစ် ခေါင်း ဆောင်တစ်ဦးက ပြောသည်။

militia logo

“တောင်ပိုင်း ဌာနေပြည်သူ့စစ်က  တဖွဲ့ လူအင်အား ၅၀ ပေးပြီး ကျိုင်းတောင်းမှာ စစ်ရေးသွားလေ့ ကျင့်ရတယ်။ မြောက်ပိုင်းကတော့ တန့်ယန်းမြို့နယ် မန့်ကတ်မှာ စစ်ရေးသွားလေ့ကျင့်ရတယ်။ တပ် စခန်းတက်သိမ်းတဲ့ သင်တန်း။ အဲဒီကနေ သင်တန်းဆင်းတော့ ရှေ့တန်းတက်ရတော့တာဘဲ” ဟု အဆိုပါအမည်မဖေါ်လိုသည့် ပြည်သူ့စစ်ခေါင်းဆောင်ကပြောသည်။

ထို့အတူ ရှေ့တန်းရောက် သျှမ်းပြည်တပ်မတော် တပ်မှူးတစ်ဦးကလည်း ၎င်းတို့တပ်စခန်းနှင့် မျက်နှာချင်း ဆိုင်ရှိသည့် တပ်စခန်းတွင် သျှမ်းစကားများသာပြောကြောင်း၊ တိုက်ပွဲတွင်လည်း သျှမ်းစကားများ ကြားရကြောင်း ပြောသည်။

“တိုက်ပွဲမှာ ကျတဲ့သူတွေရဲ့ အလောင်းတွေကို ပြန်ကောက်ရင်လဲ ပြည်သူ့စစ်အလောင်းဆိုရင် သူတို့ မကောက်ဘူး။ ဒီတိုင်းပစ်ထားတာ။ ဗမာစစ်သားအလောင်းမှ သယ်ပြန်တာ။ ချောကားခေါ် ပြီး ကျေးသီး ကို အလောင်းပို့ခိုင်းတာ ၉ လောင်း။ အဲဒီ့အထဲမှာ ပြည်သူ့စစ်အလောင်းတလောင်းမှ မပါဘူး။    နံလွန်းလို့  ရွာကိုလာနှောင့်ယှက်မှာစိုးလို့ ရွာသားတွေကဘဲ ဘုန်းကြီးပင့်ဖိတ်ပြီး သင်္ဂြိုလ်လုပ်ပေးတာ” ဟု အမည်မဖေါ်လိုသည့် ရွာအကြီးအကဲ တစ်ဦးက ပြောသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများဖြစ်ကြသည့် ခမရ ၅၂၂ (လားရှိုး) ၊ ခလရ ၂၄၀ (သိန္နီ) ခလရ ၂၆၇ (နမ့်ဆလပ်) ခလရ ၁၄၇ နောင်ကော် ခလရ ၃၃ ၊ နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ ခိုလမ် လက်အောက်ခံ ခလရ ၂၉၆၊ ခမရ ၅၂၅ ၊ ခမရ ၅၇၅ ၊ ခမရ ၅၇၇ ၅၆၉ ခလရ ၂၄၀ တို့က ပြည်သူ့ စစ်တပ်ဖွဲ့များအား ဦးဆောင်ကာ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တာ့ဖါဆောင်တပ်စခန်း၊ ကောင်းမဟင်တန်၊ ကောင်းစဝ်မိန်း၊ ကောင်း မုံမိန်း၊ ကောင်းမိုက်ညောင်၊ နမ့်ပုတ် စသည့် တပ်စခန်း များအား တိုက်ခိုက်ခဲ့သည်။

ထိုထိုးစစ်တိုက်ခိုက်မှုများအား တုန့်ပြန်သည့်အနေဖြင့် မိုင်းရယ်မြို့နယ်၊ သီပေါမြို့နယ်၊ ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့နယ်ခွဲအတွင်း ဖြတ်သန်းသွားလာသည့် အစိုးရတပ်မတော်နှင့် ပြည်သူ့စစ် စစ် ကြောင်းများအား သျှမ်းပြည်တပ်မတော်မှ ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် နှစ်ဘက် အကျအဆုံးများပြီး အပစ်မဲ့ ပြည်သူ ၄ ဦးသေဆုံးရသည့်အပြင် သျှမ်းပြည်တပ်မတော်ဘက်မှ လည်း တာ့ဖါဆောင်တံတားထိပ် တပ်စခန်းနှင့် ကောင်းမုံမိန်းတပ်စခန်းများအား လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

တာ့ဖါဆောင်တပ်စခန်းမှ သျှမ်းပြည်တပ်မတော်  တပ်ဆုတ်ပေးလျှင် အစိုးရတပ်ကလည်း တပ်ဆုတ် မည်ဟု ပြောဆိုခဲ့ဖူးသော်လည်း အစိုးရတပ်သည် ယနေ့တိုင် တပ်ဆုတ်ပေးခြင်းမရှိဘဲ တပ်စခန်း နှင့် ခံတုတ်ကျဉ်း ပြင်ဆင်မွမ်းမံဆောက်လုပ်ရေးအတွက် ဒေသခံလူထုအား သက်ကယ်၊ ဝါးလုပ်အားများ နေ့စဉ်ခေါ်ယူလုပ်အားပေးစေခိုင်း နေသည်ဟုလည်း ဒေသခံများကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ တို့သည် ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက်နေ့က ပြည် ထောင်စုအဆင့်ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကြပြီးဖြစ်သော်လည်း တိုက်ပွဲများရပ်တန့် နိုင်ခြင်းမရှိ သည့်အတွက် တိုက်ပွဲလျှော့ချ နိုင်ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဖွဲ့ စည်းရန် နှစ်ဘက်ခေါင်းဆောင်များက ကြိုးပမ်းနေဆဲဖြစ်သည်။

ပြည်သူ့စစ်များမှာမူ အစိုးရ တပ်မတော်လက်အောက်ခံ လက်နက်ကိုင်အင်အားစုများဖြစ်ကြသည်။ သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းအတွင်း ပြည်သူ့စစ်တပ်ဖွဲ့(အင်အားကြီးငယ်အဖွဲ့ အားလုံး) များ အဖွဲ့ပေါင်းရာဂဏန်းရှိသည်။