သျှမ်းပြည်နယ် တောင်ပိုင်း လွယ်လင် ခရိုင် မိုင်းပွန် တိုက်နယ် အရှေ့ ဘက်တွင် ထောင်မိုင်း တစ်လုံး ပေါက်ကွဲရာ ၂ ဦးဒဏ် ရာရရှိရာ ဒဏ်ရာ ပြင်းထန်သည့် တစ်ဦးမှာ တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံသို့ အတွင်း လူနာ ဖြင့်ပို့ ဆောင် ကုသစဉ် နိုဝင်ဘာ ၂ ရက်နေ့က သေဆုံး သွားသည်ဟု ဒေသခံ များက ပြောသည်။
နိုဝင်ဘာ ၁ ရက်နေ့မွန်းလွဲပိုင်းက လွယ်လင်မြို့နယ် မိုင်းပွန်တိုက်နယ် အုပ်စု ဒေသခံ လင်မယား၊ စိုင်းမောင်ချစ် အသက် ၅၄ နှစ်၊ နန်းဟွမ် အသက် ၃၀ နှစ်က မိုင်းပွန်အရှေ့ဘက် ဇစ်ဇီရွာအလွန် တစ်မိုင်ခန့်အကွာ တောပိုင်းဘက် ဆေးဥ ဆေးမျှစ် ထွက်ရှာရာ ထောင်မိုင်းနင်းမိကာ စိုင်းမောင်ချစ် ဒဏ်ရာအပြင်းအထန်ရရှိပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံတွင်သေဆုံးသွားခဲ့သည်။ ဇနီးဖြစ်သူ နန်းဟွမ် လည်း လွယ်လင်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု မိုင်းပွန်ဒေသခံ ဒေါ်နန်းဟန်က ပြောသည်။
“ဒဏ်ရာက ပြင်းထန်တယ်။ မိုင်းပွန် ရတနာ ဆေးခန်းရောက်လာတယ်။ စိတ်ပူရလို့ လွယ်လင် ပြည်သူ့ ဆေးရုံ ကို ပို့လိုက်တာ။ စိုင်းမောင်ချစ်က ရင်ဘတ်မှာ ဒဏ်ရာအပြင်းအထန်ရတယ်။ သူ့ဇနီး နန်းဟွမ် လဲ ခြေတဘက် လက်တဘက် ဖြတ်ရမယ့်ပုံဘဲ” ဟု နန်းဟန်က ပြောသည်။
ပအိုဝ်းအမျိုးသားတပ်မတော် PNA ခေါ် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့က ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာ တွင်သျှမ်းပြည်တပ်မတော် RCSS/SSA ဒေသခံ တပ်စိတ်မှူး စိုင်းသောနနှင့်အဖွဲ့၏ ထောင်မိုင်းကြောင့် အပစ်မဲ့ပြည်သူ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်ဟု ရေးသားထားသည်။
“ကျနော်တို့က အပစ်စရပ်ကတည်းက ထောင်မိုင်းလုပ်တဲ့ မူဝါဒ မရှိတော့ဘူး။ အခုလို ကျနော်တို့ကို လာညှိုးတာ နားလည်မှု လွှဲမှားလို့ဘဲနေမှာ။ ကျနော်တခုပြောလိုပါတယ်။ ကျနော်တို့ အပစ်မရပ်ခင် တုန်းက ဒီလိုမျိုး ပြဿနာသိပ်မဖြစ်ခဲ့ဘူး။ အပစ်ရပ်ကာမှ ဒီကိစ္စတွေ ဆက်တိုက် ပေါ်လာတယ်။ ဒီကြားထဲမှာ တတိယ အင်အားစုများရှိနေမလားပေါ့။ စဉ်းစားစရာဘဲ” - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကပြောသည်။
ထို့အပြင် ဗိုလ်မှူးလောဝ်ဆိုင်က လက်ရှိအနေအထားအရ သျှမ်းပြည်တိုင်းရင်းသားလူမျိုးစုများ စိတ် ရှည်သီးခံပြီး ပြဿနာများအား ငြိမ်းချမ်းစွာဖြင့် လက်တွဲဖြေရှင်းသင့်ကြောင်း၊ နှစ်ဘက်လုံး သမိုင်း ဟောင်းပြန် ဆွပြီး ပြဿနာရှာနေမည်ဆိုလျှင် သျှမ်းပြည်အမျိုးသားရင်ကြားစေ့ရေးအတွက် ထိခိုက်စေမှာ မလွှဲကြောင်း ပြောသည်။
နိုဝင်ဘာလ ၃ ရက်နေ့က တောင်ကြီးရောက် RCSS/SSA ကိုယ်စားလှယ် စဝ်ယွတ်မိုင်းနှင့်အဖွဲ့က PNO ရုံးသို့ သွားရောက်ပြီး ဖြစ်ပွားနေသည့် ပြဿနာများလျှော့ချရေး၊ ရင်းနှီးမှုတည်ရောက်ရေး အတွက် ပအိုဝ်း PNO/PNA ခေါင်းဆောင် ဦးနေဝင်းထွန်းနှင့် တွေ့ဆုံခဲ့သည်ဟုလည်း ကြားသိရသည်။