သျှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီး မြို့တွင် ကျင်းပလျှက်ရှိသော တန်ဆောင်တိုင် ပွဲတော်တွင် မီးပုံးပျံ ပျက်ကျမှုများ ဖြစ်ပွားရာလူ ၃ ဦးသေ ဆုံးပြီး ၂၀ ဦးထက်နည်း ဒဏ်ရာ ရှိသည်ဟု တောင်ကြီး မြို့ခံ များက ပြော သည်။
နိုဝင်ဘာ ၄ ရက်နေ့ ညသန်းခေါင် ညမီးကြီး ရောင်စုံလူငယ်မီးပုံးပျံ အဝေရာမီးပုံးပျံကွင်းအနီး ကုန်းသာယာရပ် ကွက် ရွက်ဖျင်တဲ ပေါ် ပျက်ကျမှုကြောင့် အိပ်မောကျနေသည့် အသက် ၄ နှစ် အရွယ် ကောင်လေး တယောက် သေဆုံးကြောင်း၊ ပွဲစတင်သည့် ညတွင်လည်း ခွန်တန်မီးပုံးပျံကြီးမှ ယမ်းခွေပေါက်ကွဲပျက်ကျ မှုကြောင့် ၁၄ ဦးကျော်ဒဏ်ရာရှိပြီး ၂ ဦးသေဆုံးကြောင်း ဆေးရုံတာဝန်ရှိများက ပြောသည်။
“ယမ်းခွေက ပိဿာချိန် ၄၀ လောက်ရှိတယ်။ မနေ့ညကပျက်ကျတာက ပွဲခင်းထဲမဟုတ်ဘူး။ မီးပုံးပျံက ပေ ၃၀၀ လောက်ရောက်မှ ယမ်းခွေ ကျလာတာ။ အဝေရာမီးပုံးပျံကွင်းရဲ့ ဟိုးဘက် ကုန်းသာယာရပ်ကွက်ဘက်က ရွက်ဖျင်တဲပေါ်ကျတာလေ။ တဲထဲမှာ အိပ်ပျော်နေတဲ့ အသက် ၄ နှစ်အရွယ် ကလေးလေးတယောက်မီးထဲပါ သွားတာ။ ကလေးအမေနဲ့ လသားအရွယ် ကလေးလေးက မီးလောင် ဒဏ်ရာနဲ့ အခုစဝ်စံထွန်း ဆေးရုံမှာ ရှိတယ်လို့ကြားတယ် ” ဟု ပွဲခင်းမှဈေးသည်တစ်ဦးက ပြောသည်။
ရာသီဥတု မကောင်းမွန်သဖြင့် ယမန့် ညက မလွှတ်တင်ဘဲ ပြန်သယ်သွားသည့်မီးပုံးအချို့လည်းရှိခဲ့ကြောင်း မျက်မြင်လူငယ် များကပြောသည်။
“လေအရမ်းတိုက်တယ်။ မိုးတော့မရွာဘူး။ ရာသီဥတုမကောင်းလို့ တချို့ပြန်သယ်သွားကြတာလည်းရှိတယ်။ လွှတ်တင်တာတွေထဲက ပျက်ကျတာ ၄-၅ လုံးထက်မနည်းဘူး။ ခေးခမ်းမီးတို့၊ ချီခန့်မီးတို့လေ ညက။ တချို့တွေလည်း အပေါ် ပေ ၂၀၀-၃၀၀ လောက်တက် ပါတယ်။ တချို့ဆိုလည်း တက်တောင်မတက်သေးဘူး။ မီးလောင်ပြာကျတယ် ” ဟု မီးပုံးပျံ လွှတ်ပွဲမှာ ပါဝင်သည့် လူငယ် စိုင်းအိုက်ခွန် ကပြောသည်။
“ မနေ့ညက တညလုံး ဥဩဆွဲသံ မီးသတ်ကားသံကြားရတယ်။ ရာသီဥတုမကောင်းလို့လေ။ ကျမတို့တော့ ပွဲမသွားဖြစ်ပါဘူး။ အိမ်ကနေ ကြားရတာ။ ကျမတို့အိမ်ရှေ့ကလမ်းတောင်မှ ပျက်တယ်။ အရေးပေါ် ကားဖြတ်သွားဖြတ်လာတယ်လေ ညတိုင်းဘဲ။ ညတိုင်းမီးပုံး ပျက်ကျတာကိုး။ သေကြေဒဏ်ရာရတဲ့လူလည်း ညတိုင်းရှိတယ်ပြောတယ် ” ဟု တောင်ကြီးမြို့သူ ယင်းယင်း က ပြောသည်။
အောက်တိုဘာလ ၃၁ ရက်ညက စတင်သော တန်ဆောင်တိုင်ပွဲ ၆ ရက်မြောက်နေ့ တန်ဆောင်မုန်းလပြည့် အဖိတ်နေ့ မနက်ပိုင်းတွင်မူ တောင်ကြီးမြို့၌ မြို့လုံးကျွတ်မဟာဘုံကထိန်လှည့်ပွဲပြုလုပ်ခဲ့သည်။ ပွဲတော်မှာ နိုဝင်ဘာလ ၆ ရက်နေ့ည အထိကျင်းပမည်ဖြစ်သည်။
နှစ်စဉ်ကျင်းပလျှက်ရှိသော တောင်ကြီးမြို့ ရိုးရာမီးပုံးပျံပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ပွဲလာဧည့်သည် များဖြင့် နှစ်စဉ်နှစ်တိုင်း စည်ကားလျှက်ရှိသည်။ မီးပုံးပျံကြည့်ပရိသတ်များကလည်း ပွဲခင်းထဲတွင် အိပ်ကာ စောင့်ကြည့်သည်များလည်းရှိသဖြင့် ထိခိုက်ဒဏ်ရာရမှု များပြားခြင်းဖြစ်ကြောင်း တောင်ကြီး သား မောင်ပြားက ပြောသည်။
သေဆုံးသူများနှင့် ဒဏ်ရာရသူများအတွက် သျှမ်းပြည်နယ်အစိုးရမှ ကူညီထောက်ပံ့မှုအချို့ပေးကမ်းထောက်ပံ့ မှုလည်းရှိသည်။
ခွန်တန်မီးအဖွဲ့သားများဘက်ကလည်း ဝမ်းနည်းကြောင်း တောင်းပန်သည့်သဝဏ်လွှာထုတ်ပြန်ခဲ့သည်။
ဗုဒ္ဓဘာသာဝင် သျှမ်းပြည်သားများသည် မိမိပြည်နယ် မိမိဟော်နန်းစိုက်ရာ မြို့ ဘုန်းတော်ကြီးကျောင်း၌ နတ်ပြည်မှ ဆင်းလာသည့် ဗုဒ္ဓ မြတ် စွာဘုရားအားကြိုဆိုရန် မီးပုံးပျံ၊ တိုးနယား၊ ကိန္နရီ၊ ကိန္နရာ တို့ဖြင့် ကပြ ဖျော်ဖြေကြသည်။ သို့သော် တောင်ကြီးရှိ စော်ဘွားများ ကျောင်းသို့ တက်ရောက်ပညာသင်ယူနေသည့် နယ်ရှင်၊ သျှမ်းစော်ဘွား သားသမီးများက မိမိဒေသ သီတင်းကျွတ်ပွဲတော် တက်ရောက်နိုင်ခြင်း မရှိသော ကြောင့်၊ ၎င်းတို့ကြည့်ရှုရန် ဆိုင်ရာပြည်နယ်များကလာရောက်၍ မီးပုံးပျံလွှတ်ပြခြင်း၊ မီးရှူးမီးပန်းအလှများပြခြင်းကို တန်ဆောင်မုန်းလ ကထိန်ပွဲတော် အခါသမယ၌ ပူးတွဲ ပြုလုပ်ကျင်းပရာမှ မီးပုံးပျံပွဲတော် စတင်လာခြင်းဖြစ်သည်။ အင်္ဂလိပ်ခေတ် ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း စတင်လာသည်ဟုလည်းဆိုသည်။