အမေရိကန် သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်စဉ် မြေပြင်လုံခြံုရေး ဆောင်ရွက်ထား သကဲ့သို့ ဝေဟင်နှင့် ရေပြင်လုံခြံုရေးများကိုလည်း တပ်မတော်မှ တာဝန်ယူ ဆောင်ရွက်မည်ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။
ထိပ်သီးအစည်းအဝေး၏ လုံခြုံရေးတာဝန်ယူထားသူ ရဲမှူးကြီးဇော်ခင်အောင်က “ဝေဟင်လုံခြံုရေးအတွက် တပ်မတော်က တာဝန်ယူဆောင်ရွက်မယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ လေယာဉ်မရှိသေးဘူးလေ၊ Air Defence(လေကြောင်းကာကွယ်ရေး) အတွက်ကို တပ်မတော်လေတပ်ရယ်၊ လေကြောင်းရန် ကာကွယ်ရေး ဆိုပြီး တပ်မတော်မှာရှိပါတယ်” ဟု မဇ္စျိမကို ပြောသည်။
အမည်မဖော်လိုသူ တပ်မတော်အရာရှိကြီးတစ်ဦးက နေပြည်တော်ပတ်ပတ်လည် ရှိ တောင်ကုန်းများ တွင် လေကြောင်းကာကွယ်ရေးတပ် ၁၀ တပ်ခန့်လည်းရှိသည်ဟု ဆိုသည်။
ရေပြင်လုံခြုံရေးတွင်လည်း ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း၊ ရန်ကုန်မြစ်ဝ စသဖြင့် မြန်မာ့ရေပိုင် နက်နယ်မြေများတွင် တပ်မတော်ရေမှ စစ်ရေယာဉ်များက လုံခြုံရေးဆောင်ရွက်မည်ဟုဆိုသည်။
မြန်မာနိုင်ငံသို့ ပထမအကြိမ်လာရောက်စဉ် ယခုကဲ့သို့ ဝေဟင်လုံခြံုရေး မရှိခဲ့သော်လည်း အစ္စလာမ်နိုင်ငံ(IS) အဖွဲ့မှ ခြိမ်းခြောက်မှုများ ရှိသည့်အပြင် အာရှထိပ်သီးခေါင်းဆောင်များပါ လာရောက်မည်ဖြစ်သောကြောင့် လုံခြံုရေးအား အထူးအဆင့်မြင့် ဆောင်ရွက်ရန်ရှိသည်။
ပင်လယ်ပြင်လုံခြံုရေးကိုလည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေတပ်) မှတာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း လည်း ရဲမှူးကြီးဇော်ခင်အောင်က ဆိုသည်။
ထို့အပြင် နယ်ခြားဂိတ်များ၌ တပ်မတော် အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်များ အပြင် နိုင်ငံ တကာရဲတပ်ဖွဲ့(Interpol) ကပါ စစ်ဆေးရေးနှင့် လုံခြံုရေးတို့အား ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
နေပြည်တော်အပါအဝင် ဆက်စပ်ဒေသများလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀,၀၀၀ ဝန်းကျင်းခန့်ကို အသုံးပြုထားပြီး လုံခြုံရေးအဆင့် ငါးဆင့်အနက် တတိယအဆင့်အဖြစ်သော အဝါရောင်အဆင့်လုံခြုံရေး သတ်မှတ်ထားသည်။