အစိုးရဌာနများ၏ အကောင်အထည်ဖော်မှုများကို အန်အယ်ဒီ စောင့်ကြည့်ပြီး လွှတ်တော်တင်မည်

အစိုးရဌာနများ၏ အကောင်အထည်ဖော်မှုများကို အန်အယ်ဒီ စောင့်ကြည့်ပြီး လွှတ်တော်တင်မည်
by -
မဇ္စျိမ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရပ်ကျေးကော်မတီ အဆင့်ဆင့်က စောင့်ကြည့်အဖွဲ့များဖွဲ့ကာ အစိုးရ၏ ဌာနအသီးသီး၏ လုပ်ငန်းအကောင်အထည်ဖော်မှုများကို လေ့လာပြီး လွှတ်တော်သို့ တင်ပြပေးမည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က မဇ္စျိမကို ပြောသည်။

"ပြည်သူ့ဘဏ္ဍာငွေ အလေအလွင့် လျော့နည်းအောင် စောင့်ကြည့်တဲ့ အဖွဲ့တွေက လေ့လာမှာပါ။ အစိုးရအဖွဲ့နဲ့က တိုက်ရိုက်ပြောဆိုဖို့တော့ မရှိပါဘူး။ လွှတ်တော်ကို တင်ပြမှာပါ" ဟု ၎င်းက ပြောသည်။

NLD-Party

ပြည်သူ့ဘဏ္ဍာငွေများ အစိုးရဌာနအသီးသီးက အသုံးပြုရာတွင် အလေအလွင့်မရှိစေရန် စောင့်ကြည့်ခြင်းဖြင့် ပါတီဝင်အင်အား တိုးမြင့်စေသည့် စည်းရုံးရေးနည်းလမ်းကို အသုံးပြုကာ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။

"ဌာနဆိုင်ရာက ချထားတဲ့ဘတ်ဂျက်ငွေကို အပြည့်အဝမသုံးတဲ့ အောက်ခြေက ကိစ္စတွေကို စုစည်းနေတာပါ။ ဓာတ်ပုံမှတ်တမ်း တင်ထားတာတွေလည်း ရှိတယ်။ NLD အနေနဲ့ မေးရင်တော့ ဌာနဆိုင် ရာက ဘယ်ဖြေမလဲ"ဟု ၎င်းက ပြောသည်။

နိုင်ငံအဝှမ်းရှိ မြို့နယ်အလိုက်  NLD ကော်မတီဝင်များက ဌာနဆိုင်ရာများ ဆောင်ရွက်နေသည့် စီမံကိန်းများကို စောင့်ကြည့်လေ့လာရာတွင် အထောက်အကူပြုနိုင်ရန် အစိုးရဝန်ကြီးဌာနများ၏ စီမံကိန်းအကောင်အထည်ဖော်မည့် ကတိကဝတ်များနှင့် ပတ်သက်သည့် NLD ပါတီ ဗဟိုက မှတ်တမ်းပြုစုထားသည့် စာအုပ်များကို ပါတီအဖွဲ့ဝင်များထံ ဖြန့်ဝေပေးမည်ဟု ၎င်းက ဆိုသည်။

လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင် ပါတီဝင်အင်အား ၁၂ သိန်းကျော်ရှိသည်။

Most read this week