လွှတ်တော် ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ်ခံစားခွင့်များအနက်မှ ချီးမြှင့်ငွေကို မတိုးဘဲ စရိတ်ခံစားခွင့်ကို တစ်ရက်လျှင် ကျပ်တစ်သောင်းမှ ကျပ်နှစ်သောင်းသို့ တိုးမြှင့်ခံစားရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဆုံးဖြတ်ထားသည်ဟု သိရသည်။
ဥပဒေကြမ်းကော်မတီဝင်တစ်ဦးက "ကိုယ်စားလှယ်တွေရဲ့လစာ(ချီးမြှင့်ငွေ)မတိုးဘဲ စရိတ်ကိုပဲ တစ်ရက်တစ်သောင်းကနေ နှစ်သောင်းတိုးဖို့ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီက လျာထားပါတယ်’’ ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့် အသုံးစရိတ်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတွင် ဆွေးနွေးနေခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်သို့ ထပ်မံပေးပို့ရမည်ဖြစ်သည်။
ကိုယ်စားလှယ်များလစာကို လက်ရှိ တစ်လလျှင် သုံးသိန်းသာဖြစ်သည့်အတွက် အချို့သော လွှတ်တော်ကိုယ်စားလှယ်များက ကိုယ်စားလှယ်များ၏ ခံစားခွင့်လစာကို ကျပ်ခြောက်သိန်း တိုးမြှင့်လိုသော်လည်း အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းကော်မတီက ချီးမြှင့်ငွေလစာကို မတိုးဘဲ အသုံးစရိတ်ကိုသာ တစ်နေ့လျှင် ကျပ်နှစ်သောင်းနှုန်း သတ်မှတ်ရန် ဆွေးနွေးထားခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ လစာနှင့် စရိတ်နည်းပါးခြင်းကြောင့် သွားလာရန်ခက်ခဲသည့် ဒေသများမှ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အတွေ့အကြံု ရှင်းလင်းရန် စရိတ်ကြီးသဖြင့် ထိရောက်မှုနည်းပါးသည်ဟုလည်း ဆိုသည်။
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ လုပ်ကိုင်ရန် မဲဆန္ဒနယ် တစ်ခေါက်ဆင်းပါက သိန်း ၂၀ ခန့်အထိ ကုန်ကျနေသည်ဟု ညည်းတွားခဲ့ဖူး သည်။
‘‘နိုင်ငံတကာမှာ အာဏာချိန်ညှိလို့ရအောင် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်ထောင်စုဝန်ကြီးရဲ့ ရ၅ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းပေးထားတယ်’’ဟု ဒေါ်နန်းဝါနုက ပြောသည်။
ရေဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက သွားလာရန်ခက်ခဲသည့် ဒေသများမှ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်လာရောက်ရန် စရိတ်ကြီးမားသည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ရာတွင်လည်း အခက်အခဲများရှိနေသည်ဟု ဆိုသည်။
၎င်းက "အဲဒီလိုကိုယ်စားလှယ်တွေအတွက် တိုးရင်တော့ကောင်းပါတယ်’’ ဟု ဆိုသည်။
သို့သော် အမျိုးသားလွှတ်တော်က နိုင်င့ံဝန်ထမ်းများ၏ အသုံးစရိတ်များကို ပြန်ကြည့်ရန်လည်း လိုသဖြင့် ချီးမြှင့်ငွေကို မတိုးဘဲ လွှတ်တော်တက်စဉ် အသုံးစရိတ်ကိုသာ မူလ ကျပ်တစ်သောင်းမှ နှစ်သောင်းအထိ တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သမ္မတက သိန်းငါးဆယ်ကျပ်၊ ဒုတိယသမ္မတ ကျပ်သိန်းလေးဆယ်၊ လွှတ်တော်ဥက္ကဋ္ဌ များနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် လစာငွေ ကျပ်၃၅ သိန်း၊ ပြည်ထောင်စုဝန်ကြီးများသည် သိန်းသုံးဆယ်ကျပ် လစာနှင့် နေအိမ်၊ ကားစသည့် အဆောင်အယောင်များ ခံစားခွင့်ရှိ၍ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များမှာ ကျပ်သုံးသိန်းသာ ခံစားခွင့်ရသည်။