မြန်မာနိုင်ငံမှ ပြည်တွင်း ပြည်ပပြေးဆွဲသည့် လေယာဉ်များတွင် ခေတ်မီ လေကြောင်း ကိရိယာများကို တပ်ဆင်မည်

မြန်မာနိုင်ငံမှ ပြည်တွင်း ပြည်ပပြေးဆွဲသည့် လေယာဉ်များတွင် ခေတ်မီ လေကြောင်း ကိရိယာများကို တပ်ဆင်မည်
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင် လေကြောင်းသွားလာမှု တိုးတက်များပြားလာသည့်အတွက် ဂြိုလ်တုအသုံးပြု စနစ်နှင့်လေကြောင်းလမ်းညွှန်မှု စနစ်များကို ယခုနှစ်ကုန်ပိုင်းတွင် တပ်ဆင်အသုံးပြုသွားမည် ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေယာဉ်သွားလာမှုနှင့် ပိုမိုဘေးအန္တရယ်ကင်းရှင်းစေရန် မြေပြင်အခြေစိုက် လေကြောင်းလမ်းညွှန်မှုစနစ်မှ ဂြိုလ်တုအသုံးပြုစနစ်သို့ စွမ်းဆောင်ရည်မြင့်တင်မည်ဖြစ်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြန်လည်ထွက်ခွါမည့် လေယာဉ် တစ်စင်းအား စစ်ဆေးမှုများ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ)

ထို့ပြင် လေယာဉ်များတွင် ပါရှိသည့် လေကြောင်းအသုံးပြု ကိရိယာများနှင့် ချိတ်ဆက်အသုံးပြုရ သည့် ခေတ်မီ လေကြောင်း လမ်းညွှန်စနစ်များကို အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပြည်တွင်း လေဆိပ်များတွင် တပ်ဆင် အသုံးပြုမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပပြေးဆွဲနေသာ လေကြောင်းလိုင်းများ၌ သုံးစွဲနေသည့် လေယာဉ် များ ဖြစ်သည့် A 320 ၊ B737-NG ၊ ATR 72-600 တို့တွင် ခေတ်မီလေကြောင်း အသုံးပြု ပျံသန်းမှု ကိရိယာများပါရှိလာသည့်အတွက် ယင်းတို့ကို အသုံးပြုနိုင်ရန် လေဆိပ် များတွင် ခေတ်မီ လေကြောင်းလမ်းညွှန် ကိရိယာစနစ်ကို တင်ဆင်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ခေတ်မီလေကြောင်းလမ်းညွှန်ကိရိယာ (PBN Implementation) စနစ်ကို ကနေဦးအနေဖြင့် ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် မကြာမီကျင့်သုံးမည် ဖြစ်သည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ နည်းပညာအထောက်အပံဖြင့် ကျန်ရှိသည့် လေယာဉ်ဆင်းသက်မှုများပြားသည့် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် အခြားပြည်တွင်းလေဆိပ် ၁၅ ကွင်းတို့တွင် PBN Implementation ကို တပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

လေယာဉ်များတွင် PBN Implementation ပါ၀င်ခြင်းဖြင့် လေယာဉ်ပျံသန်းလမ်းညွှန်မှု ပိုမိုတိကျပြီး လေယာဉ်ဆီစားနှုန်း သက်သာခြင်းအပြင် ရာသီဥတုဆိုးဝါးချိန်တွင်လည်း လေယာဉ်ကွင်းသို့ တိကျစွာ ဆင်းသက်နိုင်သည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

လက်ရှိအချိန်တွင် လေယာဉ်များ အလိုအလျောက်လမ်းညွှန်ဆင်းသက်ရန် အသုံးပြုသည့် နည်းစနစ်များကိုလည်း အပြည်ပြည်ဆိုင်ရာ လေဆိပ် သုံးခုနှင့် ပြည်တွင်းလေဆိပ် တစ်ခုတို့တွင် အသုံးပြုလျက်ရှိပြီး ပြည်တွင်းလေဆိပ် နှစ်ခု၌လည်း တပ်ဆင်အသုံးပြုရန် စီစဉ်နေသည်။

မြန်မာနိုင်ငံသို့ ပျံသန်းဝင်ရောက်လာသည့် လေယာဉ်များ အကြိမ်အရေအတွက်သည် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် ဖြတ်ကျော်ပျံသန်း သည့် လေယာဉ်အကြိမ် ၁၄၀,၀၀၀ ကျော်ရှိရာမှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၁၇၀,၀၀၀ ကျော်အထိ တိုးတက်လာခဲ့သည်။

Most read this week