လွှတ်တော်လှူဒါန်းငွေ သိန်း ၃၀၀ မြန်မာသံရုံးသို့ မရောက်သေး

လွှတ်တော်လှူဒါန်းငွေ သိန်း ၃၀၀ မြန်မာသံရုံးသို့ မရောက်သေး
by -
မဇ္စျိမ

လိပ်ကျွန်းအမှု ရင်ဆိုင်ရာတွင် အသုံးပြုရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမတ်များဖြစ်သည့် ဦးခင်ရွှေ၊ ဦးနေဝင်းထွန်းတို့ လှူဒါန်းထားသည့် ကျပ်သိန်း ၃၀၀ လက်ခံရရှိခြင်း မရှိသေးဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အထူးအဖွဲ့ဝင်အချို့က အတည်ပြုသည်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း)အတွင်း ဗြိတိန်စုံတွဲ သေဆုံးမှုတွင် မြန်မာရွှေ့ပြောင်းလုပ် သားနှစ်ဦး ပြစ်မှု ကျူးလွန်သည်ဆိုကာ ထိုင်းရဲတို့က ဖမ်းဆီးထားသည်။ ယင်းအမှုကိစ္စများကို ကူညီရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့် အမတ်နှစ်ဦးက ငွေ လှူဒါန်းထားခြင်း ဖြစ်သည်။

Thailan-Suspects-8

ယင်းသို့ ကူညီခြင်းကို ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအအဝေးတွင် ကြေညာထားခြင်းဖြစ်သည်။

"လွှတ်တော်မှာပြောတဲ့နေ့ပြီး နောက်နေ့မှာပဲ ပိုက်ဆံကို လွှဲပေးလိုက်ပါပြီ။ ရခိုင်လူမှုကွန်ယက်ကတစ်ဆင့် လွှဲပေးတယ်၊ ကွန်ယက်က စီစဉ်ပေးတယ်လို့ပဲ သိထားပါတယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းထွန်းက မဇ္စျိမကို ပြောသည်။

ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကမူ အမျိုးသားလွှတ်တော်၏ လှူဒါန်းငွေများသည် ၎င်းတို့ထံ ပေးပို့ခြင်း မဟုတ်ဟု ပြောသည်။

"လွှတ်တော်က လှူတာ အလိုတော်ပြည့် ဆရာတော်ဘုရားကြီး အကောင့်ထဲရောက်နေပြီလို့ သိရပါတယ်။ နက်ဖြန်လောက် ကျရင်တော့ မြန်မာသံရုံး အထူးအဖွဲ့ ဘဏ္ဍာရေးကော်မတီ ဘဏ်အကောင့်ထဲ ရောက်မယ်လို့ သိထားပါတယ်" ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ ကော့စမွေထောင်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနှစ်ဦးနှင့် တွေ့ဆုံရန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ မိဘများကို ပို့ဆောင်ခဲ့ရာတွင် ရခိုင်အမျိုးသားကွန်ယက်ကသာ အကုန်အကျခံထားခြင်းဖြစ်သည်ဟု ဦးတင်ထူးအောင်က ပြောသည်။

ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့၏ မိဘများသည် အောက်တိုဘာ ၂၂ ရက်မှစ၍ နှစ်ပတ်ကြာ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြပြီး နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန် လည်ရောက်ရှိနေပြီဖြစ်သည်။

အဆိုပါ လှူဒါန်းငွေများ ရရှိပါက ဘဏ္ဍာရေးကော်မတီဖြင့် စနစ်တကျသုံးစွဲရန် စီစဉ်ထားသည်ဟု မြန်မာသံရုံး အထူးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Most read this week