နိုင်ငံ၏ အမျိုးသားအင်အားစု အားလုံးတွင် နိုင်ငံရေးစိန်ခေါ်မှုများ ကြံုတွေ့နေရကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၅ ရက်နေ့တွင် တစ်လတစ်ကြိမ် ပြောကြားနေကြဖြစ်သည့် ရေဒီယိုမိန့်ခွန်း တွင် ပြောကြားလိုက်သည်။
လက်ရှိနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ နိုင်ငံရေးဖြစ်စဉ်များ၊ ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာရေးနှင့် ပွင့်လင်းလွတ်လပ်သည့် မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးတို့အပြင် နိုင်ငံအတွက် အထူးလိုအပ်နေသည့် အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးအတွက် အပစ်ခတ်များရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲများပေါ် ပေါက်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဓိကဖြတ်သန်းရမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရေး စသည့် စိန်ခေါ်မှုများကို ကြံုတွေ့နေရခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် အမျိုးသား အင်အားစုများအားလုံး ကြံုတွေ့နေရသည့် စိန်ခေါ်မှုများကို လက်တွဲဖြေရှင်းနိုင်ရန် အတွက် စုပေါင်းပြီး နည်းလမ်းများရှာဖွေရန် အဓိက နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဖိတ်ခေါ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဟု အောက်တိုဘာ ၃၁ ရက်က ငါးပွင့်ဆိုင် တွေ့ဆုံမှုအပြီး အခြေအနေကို ၎င်း၏ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ် သည်။
“ကျွန်တော် မကြာခဏပြောလေ့ရှိတဲ့ နိုင်ငံရေး အင်အားစုအချင်းချင်း အပြန်အလှန် ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြုကြိုးပမ်း အကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကပြောသည်။
ထိုသို့ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရာတွင် ပြဿနာပေါင်းစုံ အကြောင်းအရာပေါင်းစုံကို စုပြံုဆွေးနွေးမည့်အစား တစ်ကြိမ်တွေ့ဆုံလျှင် အကြောင်းအရာတစ်ခုတည်းကိုသာ ဦးတည်ဆွေး နွေးမှုပြုလုပ်သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးကျော်လင်းဦးက အကြံပေးပြောဆိုလိုက်သည်။
“တစ်ကြိမ်ကို အကြောင်းအရာတစ်ခု ဆွေးနွေးသွားမယ်ဆို ဖြေရှင်းရတာ ဆွေးနွေးရတာပိုုမြန်ပြီး နီးစပ်မှုရှိလာ မယ်ထင်ပါတယ် ဒီလိုတွေ့ဆုံမှုမျိုးကို ဆက်တိုက်လည်း ပြုလုပ်စေချင်ပါတယ်” ၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ကျယ်ပြန့်သည့် နိုင်ငံရေး သဘောတူညီချက်များကို နိုင်ငံရေး ဆွေးနွေးပွဲများကသာ ဆောင်ကြဉ်းနိုင်မည်ဖြစ်သောကြောင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် အခြေခံဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအားလုံး ပါဝင်သည့် တစ်နိုင်ငံလုံးဆိုင် ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ပြီး လက်မှတ်ရေးထိုးနိုင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
“ ဒီလို စာချုပ်ချုပ်ဆိုနိုင်မယ် ဆိုရင် နှစ်ဖက်တပ်တွေအနေနဲ့ လိုက်နာစောင့်စည်းရမယ့် ကျင့်ဝတ်တွေကို သတ်မှတ်နိုင်မှာဖြစ်ပြီးတော့ တိုက်ခိုက်မှုတွေနဲ့ ထိပ်တိုက်တိုးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ အဓိက အကျိုး ကျေးဇူးကတော့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာဒေသတွေက ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုဘဝတွေကို ထိခိုက်ပျက်စီးစေတဲ့ ကိစ္စရပ်များစွာကို လျော့ချနိုင်မှာဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် သမ္မတက နိုင်ငံတွင်း ပဋိပက္ခများအရေးနှင့် ပတ်သက်၍လည်း ရခိုင်ပြည်နယ်တင်မကဘဲ ပြည်ထောင်စု တစ်ဝန်းလုံးတွင် နေထိုင် သူများသည် မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်၊ မည်သည့်နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းနှင့် မဆိုင်ဘဲ လူသာတစ်ဦးအတွက် ရသင့်ရထိုက်သည့် လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေး ရရှိရန် အရေးကြီးသည်ဟု ဆိုသည်။ ယင်းအပြင် ပြည်တွင်း ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရန် အစိုးရအဖွဲ့က အစီအစံများ ချမှတ်ဆောင်ရွက်နေသည်ဟုလည်း ပြောကြားလိုက်သည်။