အပစ်ရပ် ဆွေးနွေးပွဲ ယခုလအတွင်း ကျင်းပနိုင်ရေး MPC တင်ပြထား

အပစ်ရပ် ဆွေးနွေးပွဲ ယခုလအတွင်း ကျင်းပနိုင်ရေး MPC တင်ပြထား
by -
သျှမ်းသံတော်ဆင့်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှို်င်းရေးအဖွဲ့ (NCCT) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC)မှ တာဝန်ရှိသူတို့ ပြုလုပ်သည့် လုပ်ငန်း အကြို ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ် ဆွေးနွေးပွဲကို ယခုလ အတွင်း ကျင်းပ နိုင်ရေး MPC ဘက်မှ တင်ပြ ထားသည်ဟု သတင်းရရှိသည်။

သို့သော်လည်း ယခုလအတွင်း ကျင်းပနိုင်ရေးကိုမူ် NCCT ဘက်မှ ယခုလ ၁၀ ရက်နေ့နောက်ပိုင်းမှ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကပြောသည်။

ncct upwc sixth meeting 295 91

 “သူတို့ဘက်ကတော့ ၁၀ ရက်နေ့ နောက်ပိုင်းမှာ NCCT အစည်းအဝေးပြန်ခေါ်မယ် လို့ပြောပါတယ်။ အဲဒီ နောက်ပိုင်းမှာမှ အကြောင်းပြန်သွားမယ်လို့ ပြောပါတယ်။ ဘာသဘောတူညီချက်မှမရှိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

ခုနှစ် ကြိမ်မြောက်ဆွေးနွေးပွဲကိုမည်သည့် အချိန်တွင် တွေ့ဆုံဆွေးနွေးမည်ကို မသတ်မှတ် နိုင်သေးကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“တပ်ပိုင်းဆိုင်ရာလည်းဆွေးနွေးခဲ့ခြင်းမရှိဘူး၊ အရင်ဆွေးနွေးပွဲအကြောင်းအရာလည်းဘာမှ မပြောဖြစ်ဘူး။ NCCT ခေါင်းဆောင်တွေ နဲ့ ပြန်တွေ့ကြမယ်” ဟုပြောသည်။

ယခုဆွေးနွေးပွဲကိုချင်းမိုင်မြို့တွင်နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး MPC ဘက်မှ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့်နှင့် NCCT ဘက်မှဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သောအဖွဲ့ဝင် ၄ ဦး တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၂ ရက်မှ ၂၆ ရက်နေ့ထိ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင် UPWC နှင ့်NCCT တို့ အပစ်ခတ်ရပ်စဲရေးစာချုပ်အတွက် ၆ကြိမ်မြောက် ဆွေးနွေးခဲ့ကြသည်။