ပြန်ကြားရေး ဝန်ကြီးဌာန ရေးဆွဲထားသည့် “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း” သည် ဥပဒေအဖြစ် အသက်ဝင်လာပါက ပုဂ္ဂလိကမီဒီယာများအနေဖြင့် မှတ်ပုံတင်ပြီး ရုပ်သံလွှင့်လုပ်ငန်းကို လုပ်ကိုင်ခွင့် ရနိုင်မည်ဖြစ်ရာ မီဒီယာများအတွက် ပြိုင်ပွဲအသွင် ဆောင်သဖြင့် ကြိုဆိုသူ၊ ပြင်ဆင်သူများ ရှိနေကြသည်။
လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်ကတည်းက နော်ဝေနိုင်ငံတွင် စတင်တည်ထောင်ခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVD) သတင်းဌာနက မီဒီယာပလက်ဖောင်းစုံတွင် ၎င်းတို့၏ အစီအစဉ်များ တိုးချဲ့သွားမည်ဟု နိုဝင်ဘာ ၃ရက်က ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်တွင် မိတ်ဆက်ခဲ့သည်။
အစိုးရ၊ အစိုးရနှင့်ဖက်စပ်၊ အတိုက်အခံနှင့် နီးစပ်သည့် မီဒီယာ၊ ပုဂ္ဂလိက မီဒီယာသန့်သန့် စသဖြင့် မီဒီယာစုံတို့ ပါ၀င်လာမည့် ရုပ်သံလွှင့်မီဒီယာပြိုင်ပွဲသည် ပြိုင်ဆိုင်မှု များလာနေသည်ကို မေးမြန်း စုံစမ်းမှုများအရ မဇ္စျိမက သိရသည်။
ရုပ်သံထုတ်လွှင့်မှုကို ပုဂ္ဂလိကများအား လုပ်ကိုင်ခွင့်ပြုလာပါက ယခင်ကထက် အပြိုင်အဆိုင်များလာမည်ဟု ပုံနှိပ်မီဒီယာပလက်ဖောင်းထက်မှ ဝါရင့်စာရေးဆရာ ဖေဖြင့်က သုံးသပ်သည်။
လက်ရှိ ရုပ်သံလွှင့် မီဒီယာလောက
လက်ရှိအနေအထားတွင် ရုပ်သံလွှင့်ဥပဒေကြမ်းသည် အမျိုးသားလွှတ်တော်တွင် ကန့်ကွက်ဆွေးနွေးသူမရှိဘဲ ဥပဒေကြမ်းကော်မတီ ၏ ပြင်ဆင်ချက်အချို့ဖြင့် အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်ဘက်သို့ ရောက် ရှိ ဆွေးနွေးရန် ရှိပေသည်။
မကြာမီရက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) မှ လွှတ်တော်အမတ်များနှင့် တာဝန်ရှိသူများက ပြည်သူ့ လွှတ်တော်တွင် ပါတီအနေဖြင့် ဆွေးနွေးနိုင်ပါရန် ရုပ်သံလောကမှ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ပြီး တင်ပြ ဆွေးနွေးမှုများကို နားထောင် မှတ်သားခဲ့သည်။
မြန်မာနိုင်ငံတွင် ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်းများကို အစိုးရပိုင် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၊ မြန်မာ့ အသံရေဒီယို၊ စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားနှင့် အစိုးရနှင့် စာချုပ် ချုပ်ဆိုပြီး ပုဂ္ဂလိကအဖြစ် လုပ်ကိုင်နေသည့် Sky Net၊ MRTV4 အပါအဝင် FM ရေဒီယိုလိုင်းအချို့က လုပ်ကိုင်နေကြသည်။
ပလက်ဖောင်းပေါ် ရှိနေပြီးသူများက ပလေယာသစ်များအပေါ် သဘောထား
ပုဂ္ဂလိက ရုပ်သံထုတ်လွှင့်မှု များလာမည့်အပေါ် ပြိုင်ဘက်များအဖြစ် သဘောထားမည်မဟုတ်ဟု ရုပ်သံထုတ်လွှင့်ခွင့်ကို လွန်ခဲ့သော ၁၀ နှစ်၊ ၂၀၀၄ ကတည်းက လုပ်ကိုင်ခွင့်ရရှိထားသည့် MRTV4 အပါအဝင် အောင်မြင်နေသည့် ရုပ်သံလိုင်းပေါင်းများစွာကို ထုတ်လွှင့်နေသည့် Forever Media Group မှ အမှုဆောင်အရာရှိချုပ် ဦးဝင်းမော်က ပြောသည်။
“Broadcaster များလေ ကျွန်တော်တို့က တစ်ယောက်တည်း မဖြစ်ဘူး။ အကုန်လုံး အတူတူဖြစ်တော့ ပိုကောင်းတာပေါ့” ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၃ DVB မိတ်ဆက်ပွဲကို တက်ရောက်လာသည့် အမှုဆောင်အရာရှိချုပ် ဦးဝင်းမော်၏ ပုံစံမှာ အေးအေးဆေးဆေး အသွင်ဆောင်နေသည်။
“အခုအချိန်မှာတော့ ကျွန်တော်တို့ချည်းပဲရှိတော့ အခွင့်ထူးခံသလိုမျိုး ဖြစ်နေတာပေါ့” ဟု ၎င်းက မဇ္ဈိမကို ပြော သည်။
အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲများ ထုတ်လွှင့်မှုအပါအဝင် ပြည်တွင်းတွင် ရောင်းအားကောင်းသည့် Sky netမှ တာဝန်ရှိသူတစ်ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင်မူ တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်း မရှိခဲ့ပေ။
DVB နှင့် ပုဂ္ဂလိက ရုပ်သံများ၏ ပြင်ဆင်မှု
DVB ၏ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်က “လက်ရှိဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ ရုပ်မြင်သံကြား ထုတ်လုပ်ခွင့်ပဲ ရှိပါတယ်။ ထုတ်လွှင့်ခွင့်မရှိပါဘူး” ဟု ပြောသည်။
“ဒါပေမဲ့ အသံလွှင့်ဥပဒေ ကျတဲ့အခါမှာတော့ ရုပ်မြင်သံကြားလိုင်စင်ရော၊ ရေဒီယိုလိုင် စင်ရော နှစ်ခုစလုံး ကို လျှောက်သွားမယ်” ဟု ၎င်းက ဖြည့်စွက် ပြောသည်။
ရုပ်သံထုတ်လွှင့်ရန် ပြင်ဆင်ကြိုးစားနေသည့် အလဲဗင်းမီဒီယာဂရုပ်၏ ဒေးလီးအလဲဗင်းသတင်းစာမှ အယ်ဒီတာ ချုပ် ဦးဝေဖြိုးကကလည်း “ဥပဒေတစ်ခုဆိုတာ မျှတတဲ့ပြိုင်ဆိုင်မှုတွေဖြစ်ပေါ်လာအောင် ရည်ရွယ်တယ်ဆိုရင် မလိုလားအပ်တာတွေမဖြစ်အောင် ကြားထဲကနေ ထိန်းကျောင်းတယ်လို့ နားလည်တယ်လေ။ အခုအစိုးရသက် တမ်းကလည်း တစ်နှစ်ကျော်ပဲရှိလာတဲ့ အချိန်မှာ ဘယ်လောက်ပဲ အများလက်မခံနိုင်တဲ့ ဖိအားတွေနဲ့ လုပ်သွားလုပ်သွား၊ သေချာတာတော့ နောက်တက် လာတဲ့အစိုးရ လက်ထက်မှာ အဲ့ဒါတွေ အကုန်လုံး ပြန်ပြင်ရမှာပဲ” ဟု ပြောသည်။
ရုပ်သံလွှင့်မီဒီယာများအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ရန် DVB အပါအဝင် ပုဂ္ဂလိက ရုပ်သံမီဒီယာများ ပိုမို ၀င်ရောက်ရန် လိုအပ်နေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
“ရုပ်သံမှာ ဒီကနေ့အထိကတော့ ပုဂ္ဂလိကသမားထက် အစိုးရမီဒီယာ ရှိတယ်။ အစိုးရနဲ့ တော်တော်နီးနီးစပ်စပ် ချိတ်ဆက်ထားတဲ့ အစိုးရတစ်ပိုင်း သို့မဟုတ် အစိုးရနဲ့ ပါတနာတွေပဲ ရှိနေတဲ့သဘောရှိတယ်။ အဲဒီတော့ တကယ်လွတ်လပ်တဲ့ သီးခြားရပ်တည်တဲ့ ပုဂ္ဂလိကမီဒီယာရှိဖို့ လိုတယ်” ဟု စာရေးဆရာ ဖေမြင့်က ပြောသည်။
လွှတ်တော်အခန်းကဏ္ဍနှင့် ဥပဒေများ
ပုဒ်မပေါင်း ၁၀၀ ကျော်နှင့် အခန်း ၁၄ ခန်းပါသော “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း” သည် သတင်း မီဒီယာများကြား တန်းတူညီမျှသည့် အခွင့်အရေးရရှိမည်မဟုတ်ဟု ပုဂ္ဂလိကမီဒီယာလုပ်ငန်း လုပ်ကိုင်သူများက ဝေဖန်ခဲ့သော်လည်း အမျိုးသားလွှတ်တော်တွင်မူ အကျယ်တဝင့်ဆွေးနွေးမှုမရှိဘဲ အတည်ပြုခဲ့သည်။
ရုပ်သံသမားများအတွက် ပြည်သူ့လွှတ်တော်၏ ဖေးမဆောင်ရွက်မှုကို မျှော်ရမလို ဖြစ်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က “သတင်းလွတ်လပ်ခွင့် အခွင့်အရေးလည်းရရှိရမယ်။ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ်ထုတ်လွှင့်ခွင့်ရှိမလဲ။ ပြီးတော့ ပြည်သူလူ ထု လက်ခံနိုင်၊ လက်မခံနိုင်ပေါ့လေ။ ဒီဘက်ရောက် လာရင် ဆွေးနွေးစရာရှိတာတွေတော့ ဆွေးနွေးမှာ” ဟု ပြောသည်။