စပါးရိတ်သိမ်းချိန် မုန်တိုင်းမိုးသည်းထန်နေ၍ မိုစပါးစိုက်တောင်သူတို့ အခက်ကြံုနေ

စပါးရိတ်သိမ်းချိန် မုန်တိုင်းမိုးသည်းထန်နေ၍ မိုစပါးစိုက်တောင်သူတို့ အခက်ကြံုနေ
by -
မဇ္စျိမ

လက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသန်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် မိုးစပါး ရိတ်သိမ်းနေဆဲဖြစ်သည့် ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားအများစုမှာ စပါးများရေစိုခဲ့သလို အချို့မှာလည်း လုပ်ငန်းခွင် ရပ်နားထားရသည်ဟု ကာယကံရှင် လယ်သမားများက နိုဝင်ဘာ ၄ရက် ညပိုင်းက မဇ္ဈိမကို ပြောသည်။

“ဒီနေ့မနက်ပိုင်း ရိတ်နေချိန်ကတည်းက မိုးအုံ့နေတာ။ နေ့လည်ထမင်းစားတက်တော့ မိုးကရွာချပါလေရော။ အဲ့ဒါနဲ့ ရိတ်လက်စဖြတ်ထားရတယ်။ အခုအချိန်က သူသူငါငါ ရိတ်ကြ၊ သိမ်းကြပြီလေ”ဟု ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။ တယ်လီဖုန်းဖြင့် မဇ္ဈိမက ဆက်သွယ်မေးမြန်း ချိန်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

Farmer

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် နောက်နှစ်ရက်အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိမည်ဟု အစိုးရ၏ တရားဝင် ဝက်ဆိုက်ဒ်ဖြစ်သည့် မိုး/ဇလတွင် နိုဝင်ဘာ ၄ရက် ည ရနာရီက သတင်းထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နောက်သုံးရက်အတွင်း စစ်ကိုင်းတိုင်းအောကပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန် ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျနေစဉ် ရေပြင်/လေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။