စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုကို အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စစ်ဆေးလျက်ရှိရာ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က နိုဝင်ဘာ ၄ ရက်တွင် မဇ္စျိမကို ပြောသည်။
ကော်မရှင်အနေဖြင့် ကိုပါကြီးသေဆုံးမှုကို အခင်းဖြစ်ပွားခဲ့သည့် မွန်ပြည်နယ် ကျိုက်မရောမြို့သို့ သွားရောက်ကာ နိုဝင်ဘာ ၂ရက်တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်တပ်နှင့် အုပ်ချုပ်ရေးအပိုင်းများကို စစ်ဆေးနေသည်ဟု ဆိုသည်။
“ထွက်ဆိုချက် အသေးစိတ်ရနိုင်ဖို့ လိုအပ်တဲ့သူတွေကို ခေါ်စစ်နေတုန်းပါ။ ပြီးတော့ အလောင်းပြန်ဖော်တဲ့ အခါ ဆေးစစ်ချက်နဲ့ ထွက်ချက်တွေ စစ်ဖို့ကျန်ပါသေးတယ်။ ရာခိုင်နှုန်းအရဆို ၆၀ လောက်ပြီးပြီ ပြောရမှာပေါ့” ဟု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောသည်။
ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဥပဒေပါပြ ဌာန်းချက်များနှင့်အညီ စစ်ဆေးပြီး အစီရင်ခံစာရေးသာကာ နိုင်ငံတော် သမ္မတထံ အမြန်ဆုံးတင်ပြ ရန် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားထားကြောင်း အောက်တိုဘာ ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော် သမ္မတထံ အစီရင်ခံစာကို အမြန်ဆုံးတင်ပြရန် ညွှန်ကြားထားသော်လည်း ကော်မရှင်အနေဖြင့် အလျင်စလို ဆောင်ရွက်မည်မဟုတ်ဘဲ သက်သေထွက်ဆိုချက်များ စစ်ချက်များကို အသေးစိတ်မေးမြန်းပြီးမှသာ အစီရင်ခံစာတင်သွင်းမည်ဟု ဦးစစ်မြိုင်က ဆိုသည်။
လာမည့် နိုဝင်ဘာ ၅ ရက်တွင် သေဆုံးသူ ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်းကို ပြန်ဖော်၍ ဆေး စစ်ချက်ယူရန် ဇနီးဖြစ်သူ မသန္တာကို မွန်ပြည်နယ် ကျိုက်မရောမြို့မ ရဲစခန်းမှ အကြောင်းကြားထားသည်။
ထို့ပြင် ကိုပါကြီးသေဆုံးမှုကို တပ်မတော်ဘက်မှ ဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်သည့် အဖွဲ့ကို အောက်တိုဘာ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အောက်တိုဘာ ၃၁ ရက်တွင် တပ်မတော်မှ ထုတ်ပြန်ထားသည်။
အဆိုပါ တပ်မတော်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ ရဲတပ်ဖွဲ့နှင့် တပ်မတော် မည်သူက တာဝန်ယူ အရေးယူမည်ကို ဆုံးဖြတ်မည်ဟု နိုင်ငံတော်သမ္မတပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က အောက်တိုဘာ ၂၉ ရက်တွင် မဇ္စျိမကို ပြောကြားခဲ့သည်။
ကိုအောင်နိုင် (ခ) ကိုပါကြီးကို နယ်မြေခံရဲတပ်ဖွဲ့နှင့် စစ်တပ်မှ မသင်္ကာမှုဖြင့် မေးမြန်းခဲ့ရာတွင် သတင်းထောက် ဟု ပြောဆိုခဲ့ခြင်းမရှိဘဲ DKBA အဖွဲ့၏ KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် ရှိ အောင်နိုင်ဟုသာ ထွက်ဆိုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန် သည့် ကြေညာချက်တွင် ရေးသားထားသည်။
သို့သော် သေဆုံးသူကိုပါကြီး၏ ဇနီးဖြစ်သူနှင့် မွန်၊ ကရင်ပြည်နယ်ရှိ သတင်းထောက်အချို့က ကိုပါကြီးသည် အလွတ်သတင်းထောက် တစ်ဦးဖြစ်ကြောင်း သက်သေခံနိုင်သည်ဟု ပြေကြားထားသည်။
ထို့ပြင် DKBA အဖွဲ့ကလည်း ကိုပါကြီးကို သတင်းထောက်တစ်ဦးဟု သိထားပြီး ၎င်းတို့၏ မည်သည့်အဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း မဇ္စျိမကို အတည်ပြုပြောကြားထားသည်။