ကချင်ပြည်နယ်မှ စစ်ပြေး ဒုက္ခသည်များ ရေရှည် ဘဝ ရပ်တည်ရေး အခက်တွေ့

ကချင်ပြည်နယ်မှ စစ်ပြေး ဒုက္ခသည်များ ရေရှည် ဘဝ ရပ်တည်ရေး အခက်တွေ့
by -
သျှမ်းသံတော်ဆင့်

စစ်ပြေး ဒုက္ခသည်များကို ပြန်လည် နေရာ ချထားပေးသည့် မြစ်ကြီးနားအနီး ငွေပျော် စံပြ ကျေးရွာတွင် နေထိုင် သည့် သျှမ်း တိုင်းရင်းသားများ အပါအဝင် ရွာသား အများစုမှာ ရေရှည် ဘဝရပ်တည်ရန် အလုပ်အကိုင် အခက်အခဲ ဖြစ်နေကြောင်း ကျေးရွာတွင် နေထိုင် သူများ၏ ပြောကြားချက် အရ သိရသည်။

အစိုးရ အစီအစဉ်ဖြင့် ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များကို ပြန်လည်နေရာချထားသည့် ယင်းကျေးရွာတွင် သျှမ်းတိုင်းရင်းသားဒုက္ခသည် ၁၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိပြီး ကချင်၊ လီဆူ၊ ဗမာ၊ ရဝမ် စသည့် စစ်ပြေး ဒုက္ခသည်များလည်း နေထိုင်ကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးဦးအောင်ဆွေ ကပြောသည်။

news article 3 nov 295 197

ပြင်သစ်အခြေစိုက် (ACTED) မှကူညီထောက်ပံ့ပေးထားကာ လူတစ်ဦးလျှင် တစ်လဆန် (၆) ပြည်၊ ဆီတစ်ဗူး၊ ကုလားပဲ (၄) ဗူး နှင့် ဆားတို့ကို ထောက်ပံ့ထားပြီး စားရေးအတွက် အဆင်ပြေသော်လည်း ငွေကြေးသုံးစွဲရေး နှင့် ရေရှည်ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေသည်ဟု ရွာသားများကပြောသည်။

“လက်ရှိဒီမှာကတော့ ဘာမှစိုက်ပျိုးထွန်ယက်လို့မရဘူး။ သူတို့ကစိုက်ဖို့ပျိုးဖို့ မျိုးစေ့တွေချပေးတယ်။ စမ်းစိုက်ကြည့်တယ်။  အဆင်မပြေဘူး။ မြေဆီလွှာမကောင်းလို”့ ဟု ငွေပျော်စံပြကျေးရွာတွင် နေထိုင်သော သျှမ်းအမျိုးသမီးနန်းတင်မိုးခိုင်က ဆိိုသည်။

ရွာ၏အနီးရှိ အင်ခိုင်ဘွမ်တောင်ပေါ်တွင်  ပုဂ္ဂလိကနှင့် ကုမ္မဏီပိုင် ရာဘာခြံမှ ရာဘာပင်ဘေး ပေါင်းမြက် များရှင်းရန် တစ်ပင်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် နေ့စားအလုပ် လုပ်ကိုင်စားသောက်နေကြပြီး တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်သာ  လုပ်ရပြီး နားရသည့်အချိန်များသည်ဟု နန်းတင်မိုးခိုင်၏ ခင်ပွန်းကပြောသည်။

လက်ရှိမှာ ပယင်းသွေးသည့်လုပ်ငန်းကို စမ်းသပ်လုပ်ကိုင်နေကြပြီး အလုပ်အကိုင်် မမြဲသောကြောင့် ကလေးများ၏ ပညာရေးအတွက် လိုအပ်သည့်အသုံးစရိတ်များလည်း ခက်ခဲခဲ့ကြောင်း နန်းတင်မိုးခိုင် ကပြောသည်။

မူကြိုပို့ထားသည့် ကလေးအတွက် ကျောင်းတွင်ကလေး စားစရိတ် တစ်လလျှင် ကျပ်ခြောက်ထောင်ပေးရကာ ယခုအခါမပေးနိုင်သောကြောင့် ကလေးအတွက် ဆန်ပြုတ်ကိုသာ ကျောင်းသို့ ပို့ပေးရသည်ဟု ၎င်းကပြော သည်။

လမ်းမှာမြေနီလမ်းဖြစ်နေပြီး ကားအသွားအလာမရှိခြင်းကြောင့် မြစ်ကြီးနားမြို့ပေါ်သို့ အလုပ်သွားရောက် လုပ်ကိုင်ရန်ခက်ခဲနေကာ ရွာတွင်ပေးထားသည့် မြေနှင့်အိမ်များမှာ အဆင်ပြေနေသော်လည်း ပုံမှန် အလုပ် အကိုင်အခွင့်အလမ်း လိုအပ်နေကြောင်း ဦးအောင်ဆွေကပြောသည်။

 “စိုက်ပျိုးဖို့ မြေယာကောင်းကောင်းနဲ့ အလုပ်အကိုင် တွေရှာပေးစေချင်တယ်” ဟု နန်းတင်မိုးခိုင် ကဆိုသည်။

ယခုနှစ်အကုန်တွင် ငွေပျော်စံပြကျေးရွာ၏ မြေနီလမ်းကို ကျောက်လမ်းခင်းပေးရန်အတွက် စီစဉ်ထားကြောင်း ကချင်ပြည်နယ်၏ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

ငွေပျော်စံပြကျေးရွာတွင် အိမ်ခြေ၂၈၃လုံးရှိသည့်အနက် လက်ရှိနေထိုင်သောအိမ်ခြေမှာ ၁၁၅ လုံးရှိပြီးလူဦးရေ (၆၀၀) ကျော်နေထိုင်ကြောင်းသိရသည်။

မိုင်းနား၊ သာဂရ၊ ခတ်ချို၊ ဝိုင်းမော်၊ မြစ်ကြီးနားအနီးရှိ ဒုက္ခသည်စခန်းများမှပြောင်းရွှေ့နေထိုင်ကြသူ များကြောင်း အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

၂၀၁၁ ဇွန်လ တွင် အစိုးရ နှင့် KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် ကချင်ပြည်နယ်၏ စစ်ပြေးဒုက္ခသည်  ၉၉၀၉၇ယောက် ခန့်ရှိကြာင်း ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များကို ကူညီပေးနေသည့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တစ်ဖွဲ့ဖြစ်သည့် OCHA မှသိရသည်။