မိကျောင်းကန် သပိတ်စခန်းပြည်သူများ မြေပြန်ရရေး သမ္မတထံ အိတ်ဖွင့်ပေးစာ ပို့မည်

မိကျောင်းကန် သပိတ်စခန်းပြည်သူများ မြေပြန်ရရေး သမ္မတထံ အိတ်ဖွင့်ပေးစာ ပို့မည်
by -
မဇ္စျိမ

ရှစ်လနီးပါးကြာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေသော မိကျောင်းကန်ပြည်သူများက ၎င်းတို့မြေ ပြန်လည် ရရှိရေးအတွက် သမ္မတ အပါအဝင် သက်ဆိုင်ရာဌာနများသို့ အိတ်ဖွင့်ပေးစာပေးပို့ သွားမည်ဟု အဆိုပါ သပိတ်စခန်းတွင် ဆန္ဒဖော်ထုတ်နေသူ ဦးမောင်မောင်က မဇ္စျိမကို ပြောသည်။

အဆိုပါအိပ်ဖွင့်ပေးစာကို သမ္မတအပါအဝင် ကာကွယ်ရေး ဦးစီးချုပ်၊ လူအခွင့်အရေး ကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနတို့ထံ နိုဝင်ဘာလ ပထမအပတ် အတွင်း ပေးပို့သွားမည် ဖြစ်သည်။'

Meechaungkan-hunger-strike-04

သပိတ်စခန်းတွင် ဆန္ဒဖော်ထုတ်နေသူ ဦးမောင်မောင်က “ကျွန်တော်တို့ သပိတ်စခန်းဖွင့်နေတယ်ဆိုတာ ရက်ကြာနေတဲ့အတွက် သမ္မတ သိစေချင်တယ်။ နစ်နာကြေးမရဘဲ  ဖျက်သိမ်းခံရတဲ့ အကြောင်း တရားဝင်လက်မှတ်ထိုးပြီး တင်မယ်။ မှတ်ပုံတင်နှင့်တစ်ကွ မြေနေရာ ရရှိရေး မြန်မြန်ဆန်ဆန် ဆောင် ရွက်ပေးဖို့ ဒီကိစ္စတွေကို တင်ပြသွားမယ်” ဟု ပြောသည်။

မိကျောင်းကန်ရပ်ကွက် အပိုင်း၁၊၂၊၃မှ ပြည်သူများက မူလမြေပြန် မရမချင်း သပိတ်စခန်း မရုတ်သိမ်း ဟု ကြွေးကြော်ကာ သပိတ်စခန်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးရှေ့နှင့် မဟာဗန္ဓုလပန်းခြံဘေးတွင် မိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ်ထားသည်မှာ ရှစ်လနီးပါးရှိပြီဖြစ်သော်လည်း သက်ဆိုင်ရာဒေသအစိုးရက လျစ်လျူရှုထားသဖြင့် ယခုကဲ့သို့ အိတ်ဖွင့်ပေးစာပေးပို့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မိကျောင်းကန်အပိုင်း ၂ ဒေသခံ မသန္တာမြင့်က "မူလမြေနေရာမှာ မရရင်တောင် သူလို့ပဲ အလား သဏ္ဍာန်တူတဲ့နေရာမှာ ပြန်ပေးမယ်ဆိုပြီး ညှိနှိုင်းမယ်ဆိုရင်တော့ လက်ခံပါမယ်’’ ဟု ပြောသည်။

Most read this week