အငြင်းပွားနေသည့် မြေနုကျွန်း မူလလုပ်ကိုင်သူများပြန်လည်ရရှိ

အငြင်းပွားနေသည့် မြေနုကျွန်း မူလလုပ်ကိုင်သူများပြန်လည်ရရှိ
by -
မဇ္စျိမ

ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် သူရဲဇီးကျေးရွာမှ ကျေးရွာသားများနှင့် ရွှေတောင်မြို့နယ် မင်းတဲကျွန်း၊ စစ်ကိုင်းကျွန်း ကျေးရွာသားများ လုပ်ကိုင်ခွင့် အငြင်းပွားနေသော မြေနုကျွန်းကို မူလလုပ်ကိုင်သူ သူရဲဇီးကျေးရွာသားများအား လုပ်ကိုင်ခွင့်ပေးလိုက်ပြီဟု ပန်းတောင်းမြို့နယ် မြေစာရင်းဦးစီးမှူး ဦးရဲဝင်းကပြောသည်။

“နဂိုနှစ်ကြာအောင်လုပ်လာတဲ့လူကို သွားဖျက်ရင် အငြင်းပွားနိုင်တယ်။ လက်ရှိလုပ်တဲ့လူကိုပဲ ပြန်ပြီးတော့ စီမံပြီး သူတို့ကိုပဲမှတ်တမ်း တင်မယ်။ ဒီသဘောနဲ့ နှစ်ဖက်မြို့နယ်က ခရိုင်အုပ်ချုပ်ရေးမှူး ရှေ့မှာ ဆုံးဖြတ်ခဲ့တယ်” ပန်းတောင်းမြို့နယ် မြေစာရင်းဦးစီးမှူး ဦးရဲဝင်းကပြောသည်။

myay-nu-kyunn

ရေနက်ကြောင်းမူအရ ဆုံဖြတ်ပါက ပန်းတောင်းမြို့နယ်မှ နှစ်ပုံ ရွှေတောင်မြို့နယ်မှ တစ်ပုံပိုင်ဆိုင် မည်ဖြစ်သော်လည်း သူရဲဇီးကျေးရွာသားများက နှစ်ပေါင်းကြာမြင့်စွာ လုပ်ကိုင်စားသောက်လာ  သည့် မြေဖြစ်သဖြင့် မြေရင့်ဟုသတ်မှတ်ကာ သူရဲဇီးကျေးရွာသားမျာကို လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁ ရက်တွင် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြည်ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ် မြေစာရင်းဦးစီးမှူးများ အစည်းအဝေး ပြုလုပ်ကာ လက်ရှိလုပ်ကိုင်နေသူ သူရဲဇီးကျေးရွာသားများ ဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၁၉၉၆ခုနှစ်က ပန်းတောင်းမြို့နယ် သူရဲဇီးကျေးရွာ ကပ်လျက်တွင် ဧရာဝတီမြစ် အနောက်ဘက် ကမ်းတွင် ဧက(၄၀၀)ခန့်ရှိသော မြေနုကျွန်းတစ်ခု ပေါ်ပေါက်ခဲ့ရာ သူရဲဇီးကျေးရွာသားများက ၂၀၀၃ ခုနှစ်မှစ၍ ခွဲခြမ်းလုပ်ကိုင်လာခဲ့သည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရွှေတောင်မြို့နယ် မင်းတဲကျွန်းနှင့် စစ်ကိုင်းကျွန်းတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးသွင် ခေါင်းဆောင်သော ဒေသခံကျေးရွာသား (၁၈၀)ခန့်က အောက်တိုဘာ ၂၉ ရက်တွင် စက်လှေ ငါးစီး လက်နက်ကိုယ်စီဖြင့် ကျွန်းမြေပေါ်သို့ လာရောက်ကာ ပိုင်နက်သတ်မှတ်သည့် အတွက် သရဲဇီးကျေးရွာသားများနှင့် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့သည်ဟု သူရဲစီးကျေးရွာသား ကိုင်းတောင်သူ ကိုရာဇာက ဆိုသည်။

နှစ်ဖက်မြို့နယ်မြေစာရင်းဦးစီးမှူးများ နှစ်ဖက်ကျေးရွာလယ်ဆည်အဖွဲ့ဝင်များကမူ မြေနုကျွန်းကို ကွင်းဆင်းတိုင်းတာခြင်း၊ လုပ်ကိုင်သူစာရင်းပြုစုခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့လည်း တင်ပြအစီရင်ခံသွားမည်ဟု ပန်းတောင်းမြို့နယ် မြေစာရင်းဦးစီးမှူး ဦးရဲဝင်းကပြောသည်။

Most read this week