ကနေဒါ နိုင်ငံရောက် မြန်မာလူမျိုးများအဖွဲ့ (CBENO) က အလွတ်သတင်းထောက် ကိုပါကြီးအား စစ်တပ်မှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လွန်စွာဝမ်းနည်းသည်ဟု အောက်တိုဘာ ၃၀ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်ထဲတွင် “ကျွန်တော်တို့သည် မြန်မာနှင့် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းပေါင်း ၁၂၃ ခုနှင့် အတူ မြန်မာအစိုးရအား ဖိအားပေးရန် ကနေဒါ အစိုးရသို့ တောင်းဆိုမည်ဖြစ်ပြီး ကိုပါကြီး သေဆုံးမှုအတွက် လွတ်လပ်၍ တရားမျှတသော စုံစမ်းစစ်ဆေးမှု ဖြစ်ပေါ်လာရန်တောင်းဆိုသွားမည် ဖြစ်သည်။
ယင်းဖြစ်ရပ်ကြောင့် ပြည်သူနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်ဟု ကြေညာထားသည့် စစ်တပ်တစ်ပိုင်းအစိုးရကြား ယုံကြည်မှု ပျက်ပြယ်သွားခဲ့သည်" ဟုလည်း ပါဝင်သည်။
ကိုပါကြီးသည် DKBA အဖွဲ့၏ အဖွဲ့ငယ်တစ်ခုဖြစ်သည့် ကလို့ထူးဘောကရင်အစည်းအရုံး (KKO) စောဆန်းအောင် အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်မှ ဖမ်းဆီးထားစဉ် ကင်းစောင့် စစ်သားထံမှ လက်နက်လုယူ ထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားမှ ပစ်ခတ်ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကိိုပါကြီးကို လက်နက်ကိုင်တပ်ဖွဲ့များနှင့် တောတွင်းတွင်တွေ့ရသည်ဟု တပ်မတော်မှထုတ် ပြန်ခဲ့သည်။ ဓါတ်ပုံတွင် ကိုပါကြီးသည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာတွင် DKBA အဖွွဲနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ် ပွားခဲ့သောကြောင့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးလာသည့် စစ်ရှောင် ဒုက္ခသည်များကို သွားရောက်ကူညီပေး ရာတွင် သတင်းရယူရန် လိုက်ပါခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဓါတ်ပုံတွင် ပါဝင်သူ ဦးကိုကိုအောင် က အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ကိုပါကြီး သေဆုံးမှုအတွက် ဇနီးဖြစ်သူ မသန္တာက သေမှုသေခင်းဖွင့်ထားပြီး ဆေးစစ်ချက် ယူစစ်ဆေးနိုင်ရန် အလောင်းကို တူးဖော်ရန် စာတင်ထားကြောင်း မွန်ပြည်နယ် ကျိုက်မရောစခန်းမှ ဒုရဲအုပ် သိန်းစန်းဝင်းက မဇ္စျိမကိုပြောကြားထားသည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည် ကိုပါကြီးသေဆုံးသည့်ကိစ္စကို စုံစမ်းစစ်ဆေးမှုများမကြာမီရက် ပိုင်း အတွင်း စတင်တော့မည် ဖြစ်သည်။