ပြည်သူတို့၏ အသည်းကြားက မဲတစ်ပြားကို အလေအလွင့်မဖြစ်စေဘဲ ပြည်သူ့ ကိုယ်စားလှယ်ကောင်းများ အမှန်တကယ် ပေါ်ပေါက်စေသည့် စနစ်ကိုသာ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက် ပွဲစနစ်အဖြစ် ရွေးချယ်ရန် တပ်မတော်သား ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီးကျော်မြင့်က ပြည်သူ့လွှတ်တော် ၁၁ ကြိမ် မြောက်အစည်းအဝေး ၂၅ ရက်မြောက်နေ့ အစီအစဉ်၌ ပါ၀င်ဆွေးနွေးရာတွင် တိုက်တွန်းပြောကြားသည်။
“ရွေးကောက်ပွဲဟာ နိုင်ငံရေးအတွက် အရေးပါတဲ့ ကိစ္စဖြစ်ပေမယ့် နိုင်ငံရဲ့ ကံကြမ္မာကို အဆုံးအဖြတ် မပေးနိုင်ပါဘူး။ တကယ် အဆုံးအဖြတ်ပေးနိုင်တာက လွှတ်တော် ကိုယ်စားလှယ်တွေပါ။ ဒါကြောင့် ပြည် သူ တွေအတွက် အမှန်တကယ်ကိုယ် စားပြု ကြိုးပမ်းဆောင်ရွက်နိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်ပေါက်ဖို့က အရေးကြီးပါတယ်။ ပြည်သူ့အသည်းကြားက မဲတစ်ပြားကို အလေအလွင့် မဖြစ် စေဖို့ လက်ရှိ နဲ့ အနာဂတ်အတွက်ပါအကျိုးရှိမယ့် ရွေးကောက်ပွဲစနစ်ကို ပြည်သူကို ချပြပြီး ပြည်သူ့ ဆန္ဒအရ ရွေးချယ်စေလို ပါတယ်” ဟု ၎င်းင်းက တိုက်တွန်းသည်။
မည်သည့် ရွေးကောက်ပွဲစနစ်ကိုပဲ သုံးသုံး ပြည်သူအတွက် ရှင်းလင်းလွယ်ကူ သည့်စနစ်၊ ပြည်သူတို့ ကြိုက်နှစ်သက်သည့် စနစ်ဖြစ်ဖို့ လိုသည်ဟု၎င်းက ပြောသည်။
ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင်၏ အစီရင်ခံစာသည် ပြည်သူ့ ဆန္ဒပြည်သူ့သဘော ထားတို့ကို ရယူဖော်ထုတ်ခြင်း မလုပ်ခဲ့သည့်အပြင် လက်ရှိအခြေအနေမှာ အမှန်တကယ် ကန့်ကွက် ဆန္ဒပြ နေသည့် ပြည်သူတို့ကို ဖမ်းဆီးတရား စွဲထောင်ချနေခြင်းများသည် ပြည်သူတို့၏ ဆန္ဒကို လျစ်လျူရ ရာရောက်နေသည်ဟု တံတားဦးမြို့နယ်အမတ် ဒေါ်ခင်သန္တာက လွှတ်တော်၌ ဝေဖန်ထောက်ပြခဲ့သည်။
ရွေးကောက်ပွဲ စနစ်လေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာအပေါ် ယနေ့ဆွေးနွေးကြသော ကိုယ်စားလှယ် ၁၀ ဦးတို့အနက် ပြည်ခိုင်ဖြိုး ပါတီဝင်များ ဖြစ်ကြသည့် ထန်းတပင်အမတ် ဦးသိန်းရီ၊ လွိုင်ကော် အမတ် ဦးခင်မောင်ညို၊ ကျိုက်မရော အမတ် ဒေါ်မိယဉ်ချမ်းနှင့် လောက်ကိုင် အမတ်ဦးကျော်နီနိုင်တို့က အစီရင်ခံစာကို ထောက်ခံဆွေးနွေးခဲ့ကြရုံသာမက အစီရင်ခံစာပါ ရွေးကောက်ပွဲစနစ် အမှတ် (၄)ကို ရွေးသင့်ကြောင်း အကြံပြုကြသည်။
ဒေါ်ခင်သန္တာနည်းတူ လက်ရှိကျင့်သုံးနေသည့် FPTP စနစ်ကိုသာ ရွေးချယ်ရန် ဆွေးနွေးခဲ့ကြသော NLD ပါတီဝင် မြောက်ဥက္ကလာပ အမတ် ဒေါက်တာသန်းဝင်း၊ ပွင့်ဖြူအမတ် ဒေါက်တာအောင်မိုးညို နှင့် ကလောအမတ် ဒေါက်တာဒေါ်သန်းငွေ တို့က ပြည်ခိုင်ဖြိုး အမတ်များ ထောက်ခံသည့် ရွေးကောက်ပွဲနည်း စနစ်အမှတ် (၄) အပါအဝင် PR နှင့် ပတ်သက်ပြီး အားနည်းချက်များနှင့် တန်းတူအခွင့်အရေး မရှိမှုများကို ဝေဖန်ကြသည်။