နိုင်ငံရေး အကျပ်အတည်း အဖြေရှာရန် ကိုးပွင့်ဆိုင် တွေ့ဆုံမည်

နိုင်ငံရေး အကျပ်အတည်း အဖြေရှာရန် ကိုးပွင့်ဆိုင် တွေ့ဆုံမည်
by -
မဇ္စျိမ

မြန်မာ့နိုင်ငံရေး အကျပ်အတည်းများ အဖြေရှာရန် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တပ်မတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီအချို့၏ ခေါင်းဆောင်များ ပါဝင်သည့် ကိုးပွင့်ဆိုင် တွေ့ဆုံပွဲ ကို အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်ရန် ရှိသည်ဟု သက်ဆိုင်ရာ ခေါင်းဆောင်တို့၏ ပြောရေးဆိုခွင့်ရှိသူ အချို့က မဇ္စျိမကို အတည်ပြုသည်။

သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းတင်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့တွေ့ဆုံဆွေးနွေးမည်ဟု ဆိုသည်။

"သတင်းထုတ်ပြန်တာလည်း လုပ်မယ်ပြောတယ်။ အဓိကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လက်ရှိနိုင်ငံရေးဆွေးနွေးမယ် ထင်တယ်။ တိတိကျကျ ဘာကို ဆွေးနွေးမှာလဲဆိုတာတော့ မသိရဘူး"ဟု သက်ဆိုင်ရာ နိုင်ငံရေးပါတီတစ်ခု၏ ခေါင်းဆောင်တစ်ဦးက မဇ္စျိမကို ပြောသည်။

နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးကမူ အဆိုပါ သတင်းကို အတည်ပြုချက်ပေးရန် ငြင်းဆိုသည်။

နိုင်ငံတော်သမ္မတရုံး၏ အကြီးတန်းအရာရှိတစ်ဦးက “ဒီအပေါ်မှာ ဘာမှတ်ချက်မှ မပေးပါဘူး”ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် စာရင်းတွင် ပါဝင်သည့်  ပါတီ ခေါင်းဆောင် အချို့ထံမှ အတည်ပြုချက် ရယူရန် မဇ္စျိမက ကြိုးပမ်းသော်လည်း မရခဲ့ပေ။

ထို့ပြင် တွေ့ဆုံမည့် နေရာနှင့် အချိန်ကိုလည်း အတည်ပြုချက် မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နိုင်ငံရေးအဖြေရှာရေး တွေ့ဆုံကြရန် တောင်းဆိုဖူးသည်။ ယင်းကို လက်ခံရန်အသင့်ဟု သူရဦးရွှေမန်းကပြောခဲ့သော်လည်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူကမူ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်လုပ်ငန်းစဉ်များပေါ် မူတည်၍သာ တွေ့ဆုံရေး စဉ်းစားမည်ဟု နိုဝင်ဘာ ၂၇ ရက်တွင် မဇ္စျိမကို ပြောထားသည်။