နိုင်ငံသားဖြစ်ခွင့် ရမည်ဆိုပါက ဘင်္ဂလီဟု လက်ခံရန် ဆန္ဒရှိဟု ဘင်္ဂလီခေါင်းဆောင် အချို့ပြော

နိုင်ငံသားဖြစ်ခွင့် ရမည်ဆိုပါက ဘင်္ဂလီဟု လက်ခံရန် ဆန္ဒရှိဟု ဘင်္ဂလီခေါင်းဆောင် အချို့ပြော
by -
မဇ္စျိမ

နိုင်ငံသားဖြစ်ခွင့် အမှန်တကယ် ရရှိမည်ဆိုပါက ရခိုင်ပြည်နယ်ရှိ နိုင်ငံသားဖြစ်ခွင့် မရသေးသူအများစု လက်ခံရန် ဆန္ဒရှိသည်ဟု ရခိုင်ပြည်ရှိ ဒုက္ခသည်စခန်း ခေါင်းဆောင် ဦးအောင်ဝင်းက မဇ္စျိမကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ စိစစ်ခြင်းတွင် ဘင်္ဂလီဟု ခံယူသူများကိုသာ နိုင်ငံသားဖြစ်နိုင်ချေရှိမရှိ စိစစ်မည်ဟု အစိုးရက ပြောကြားထားခြင်းကြောင့် နိုင်ငံသားဖြစ်ခွင့် ရလိုသူများက ထိုသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

Bangali-people-received-citizenship-in-Rakhine-State2

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ နိုင်ငံသားဖြစ်ခွင့် မရှိသေးသူများအရေး ဦးဆောင်လှုပ်ရှားသူ ဦးအောင်ဝင်းက “၈၂ ဥပဒေနဲ့ စိစစ်တာကို ကျွန်တော်တို့ ကြိုဆိုတယ်။ အစိုးရက ပွင့်လင်းမြင်သာစွာ နိုင်ငံသားဖြစ်ခွင့် ပေးမယ်ဆိုရင် ဘင်္ဂလီလို့ အမည်နာမနဲ့ လျှောက်ထားဖို့ စီစဉ်နေပါတယ်” ဟု မဇ္စျိမကိုပြောသည်။

မြေပုံမြို့နယ် တောင်ပေါ် ဘင်္ဂလီဒုက္ခသည် စခန်းတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ ရှေ့ပြေးစိစစ်ခြင်း ကို ပြုလုပ်ထားပြီး လက်ရှိတွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ငါးရာကျော်ကို ပြည်ထောင်စုအဆင့် စိစစ်နိုင်ရန် တင်ပြထားသည်ဟု ပြည်နယ်လဝက ဦးစီးမှူး ဦးခင်စိုးက မဇ္စျိမကိုပြောသည်။

“ထပ်စစ်ဖို့ ညွှန်ကြားထားတာ မရှိသေးဘူး၊ စိစစ်ရင်တော့ ဘင်္ဂလီလို့ ခံယူသူတွေကိုပဲ နိုင်ငံသားဖြစ်ခွင့်ကို စိစစ်ပေးဖို့ အားလုံးကို ပြောကြေညာထားတယ်”ဟု ဦးခင်စိုးက ပြောသည်။
 
ရခိုင်တစ်ပြည်နယ်လုံး ထပ်မံစိစစ်ခြင်းများပြုလုပ်နိုင်ရန် မြို့နယ် အလိုက် စိစစ်ရေးကော်မတီများဖွဲ့စည်း ပြီးဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။

နိုင်ငံသားဖြစ်ခွင့် လျှောက်တင်ထားသော မြေပုံမြို့နယ် တောင်ပေါ်ဒုက္ခသည်စခန်းရှိ လူဦးရေး ငါးရာကျော်ကို ပြည်ထောင်စု အဆင့် အဖြေထွက်ရှိမှသာ ရခိုင်ပြည်နယ်တွင် ဆက်လက်စိစစ်ခြင် းပြုလုပ် မည်ဟုဆိုသည်။

ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ဝင် မောင်တောမြို့ရှိ အစ္စလာမ်ဘာသာဝင် ဦးလှသိန်းက “ဒီဘက်က အစ္စလာမ်မြို့မိမြို့ဖတွေ တိုင်ပင်နေတာက အစိုးရ ရဲ့ပေါ်လစီအတိုင်းသွားဖို့၊ နိုင်ငံသားဖြစ်ခွင့် ရဖို့အတွက် အစိုးရ ရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာဖို့ လူကြီး (အစိုးရအဖွဲ့) တွေကလည်း ပြောတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများဖြေရှင်းနိုင်ရန် ပဋိပက္ခစုံစမ်းစစ်ရေးကော်မရှင်၊ ဒုချရားတန်းစုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့တို့၏ အကြံပြုချက်အရ ၁၉၈၂ နိုင်ငံသား စီစစ်ရေးကို အစိုးရ အနေဖြင့် မြေပုံမြို့တွင် စမ်းသပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားဖြစ်ခွင့်မရှိသေးသူ ၁.၀၉ သန်းရှိသော်လည်း မတ်လအတွင်းက ပြုလုပ်သော သန်းခေါင်စာရင်း ကောက်ခံခြင်းတွင် နှစ်သောင်းကျော်သာ ဘင်္ဂလီဟု ကောက်ခံခဲ့သည်။ သို့သော် သြဂုတ်လ အတွင်းက ပြုလုပ်သော ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် စိစစ်ခြင်းတွင်မူ ဒုက္ခသည် တစ်ထောင်ကျော်ရှိသည့် ဒုက္ခသည် စခန်းတွင် နေထိုင်သူအားလုံး ဘင်္ဂလီဟု ခံယူကာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့သည်ဟု ပြည်နယ် လဝက ဦးစီးမှူး ဦးခင်စိုးက ဆိုသည်။

ထိုသို့လျှောက်ထားရာတွင် နိုင်ငံသားဖြစ်ခွင့်ရှိသူ လေးဆယ်ကျော်ရှိပြီး နိုင်ငံသားပြုခွင့်ရရှိသူ ငါးရာကျော်ရှိ သည်ဟု ၎င်းကပြောသည်။