စစ်တပ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်းကို ပြန်တူးဖော်ရန် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ ခွင့်ပြုချက်တောင်းခံထားကြောင်း မွန်ပြည်နယ် ကျိုက်မရောမြို့မ ရဲစခန်းမှ ဒုရဲအုပ် သိန်းစန်းဝင်းက အောက်တိုဘာ ၂၇ ရက်တွင် မဇ္စျိမကို ပြောကြားသည်။
ဇနီးဖြစ်သူ၏ အမှုဖွင့်တိုင်ကြားချက်အရ အလောင်းကို စစ်ဆေး၍ ဆေးစစ်ချက်ရယူနိုင်ရန် သက်ဆိုင်ရာဌာန များသို့ စာတင် ထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“အလောင်းဖော်ဖို့အတွက် တပ်ကိုလည်း အကြောင်းကြားပြီးပါပြီ။ ဖော်ခွင့်ရရင် ကိုပါကြီးဇနီးကို အကြောင်းကြားပြီး ခွင့်ပြုချက်ရမှ ဖော်မှာပါ” ဟု ဒုရဲအုပ် သိန်းစန်းဝင်းက အတည်ပြုပြောဆိုသည်။
ကိုပါကြီးသေဆုံးမှုနှင့် ဖမ်ဆီးမှုတွင် တာဝန်ရှိသူဖြစ်သည့် မွန်ပြည်နယ် ၂၀၈ တပ်ရင်းဗိုလ်ကြီး စန်းမင်းအောင်ကို အလောင်းဖျောက်ဖျက်မှု၊ ညှင်းပန်းသတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှုတို့ဖြင့် တိုင်ကြားခဲ့သော် လည်း မွန်ပြည်နယ် ကျိုက်မရောမြိုမ ရဲစခန်းမှ အထက်ညွှန်ကြား ချက်ကြောင့်ဟုဆိုကာ အမှုကိုလက်ခံခဲ့ခြင်း မရှိဘဲ သေမှု သေခင်း အမှတ် ၁၁/ ၂၀၁၄ ဖြင့် အောက်တုုိဘာ ၂၆ ရက်တွင် အမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။
ကိုပါကြီးသည် DKBA အဖွဲ့၏ အဖွဲ့ငယ်တစ်ခုဖြစ်သည့် ကလို့ထူးဘောကရင်အစည်းအရုံး (KKO) စောဆန်း အောင် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်မှ ဖမ်းဆီးထားစဉ် ကင်းစောင့်စစ်သားထံမှ လက်နက်လုယူထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားမှ ပစ်ခတ်ဖမ်းဆီးရာတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သည် ဟု ကာကွယ်ရေးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ကိုပါကြီး၏ မိသားစုဝင်များနှင့် မိတ်ဆွေများက ကိုပါကြီးသည် အလွတ်သတင်းထောက်ဖြစ် သည်ဟု ပြောဆိုထားသည့်အပြင် DKBA အဖွဲ့မှလည်း ၎င်းတို့၏ မည်သည့်အဖွဲ့နှင်မျှ ပတ်သက်မှုမရှိကြောင်း မဇ္စျိမကို အတည်ပြုထားသည်။
ထို့ပြင် စက်တင်ဘာ ၃၀ တွင် ကိုပါကြီးအား ကျိုက်မရောမြို့ လှေဆိပ်တွင် ဖမ်းဆီးခဲ့သော်လည်း ရဲစခန်းတွင် အမှုမဖွင့်ခြင်း၊ တရားရုံးတွင် ဖမ်းဆီးခွင့် ရမန်မယူခြင်း အပြင် အောက်တို ဘာ ၄ ရက်တွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အလောင်းအား သဂြိုဃ်ခဲ့သော်လည်း သတင်းထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ရက်နှစ်ဆယ်ကျော်မှ သတင်း ထုတ်ပြန်ခြင်းသည် သံသယဖြစ်စရာများ ရှိနေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းနှင့် ဥပဒေပညာရှင်များက ဝေဖန် ပြောဆိုနေကြသည်။
လက်ရှိအချိန်တွင် ကိုပါကြီးသေဆုံးမှုအတွက် နိုင်ငံတော်သမ္မတမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ အမှုကိုစစ်ဆေးပေးရန်၊ ပြစ်မှု ကျူးလွန်ခဲ့သူများကို အရေးယူပေးရန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့် နိုင်ငံရေး အဖွဲ့အစည်း ၄၆ ဖွဲ့မှ အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။