မီဒီယာနှင့် ပတ်သက်သည့် ဥပဒေများအပါအဝင် လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းတော့မည့် ဥပဒေများနှင့်ပတ်သက်သည့် သဘောထားအမြင်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) သို့ ပေးပို့နိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်သည့် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွင့်မှု ဆိုင်ရာ ဥပဒေတို့နှင့် ပတ်သက်၍ မီဒီယာများထံမှ အကြံပြုချက်များ ရယူသည့် ဆွေးနွေးပွဲ၌ ဦးဖြိုးမင်းသိန်းက ယင်းကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက “ပေးပို့လာသည့် သဘောထားအမြင်မျာကို ဥပဒေရေးရာ ကော်မတီများသို့ ပြန်လည်ပေးပို့မှာ ဖြစ်ပြီး ဒီဥပဒေမှ (မီဒီယာနှင့် ပတ်သတ်သည့် ဥပဒေများ)မဟုတ်ပါဘူး။ အခြားဥပဒေတွေလည်း အပေါ်မှာလည်း အမြင်ယူဆချက်များ
ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ဒီရုံးကို ဆက်သွယ်ပြီး ပို့နိုင်တယ်။ ရုံးချုပ်ကိုလည်း ဆက်သွယ်ပြီး ပို့နိုင်တယ်။ ဌာနချုပ်ရုံးကလည်း လက်ခံပြီး ဥပဒေနဲ့ပတ်သက်တဲ့ အကြံပြုစာတွေအဖြစ် ယူပါ့မယ်။”ဟုပြောသည်။
ရရှိလာသည့် သဘောထားအမြင်နှင့် မှတ်ချက်များကို လွှတ်တော်ရှိ ဥပဒေရေးရာ ကော်မတီ များသို့ ပြန်လည်ပေးပို့ အကြံပြုတင်ပြပေးမည်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာနယ်ပယ်မှ သူများနှင့် ဥပဒေရေးရာ ကော်မတီမှ အမတ်များ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးမည်ဟု ဦးဖြိုးမင်းသိန်းက မဇ္စျိမကိုပြောသည်။
ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် DVB သတင်းဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က “ကျွန်တော်တို့ ရုပ်သံလွှင့်ဥပဒေနဲ့ ပတ်သက်ပြီး သုံးသပ်ထားတဲ့ အချက်အလက်တွေကို အကြံပြုစာပို့ထားပါတယ်။ ဒါပေမယ့် ပိုပြီးလေးနက်အောင် အဓိက အရေးကြီးတဲ့ အချက်တွေကို ထပ်ပြီးတော့ အကြံပြုစာအဖြစ် လာမယ့်အပတ်မှာ ပေးပို့သွားဦးမှာပါ ”ဟု မဇ္စျိမကိုပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးဦးရဲထွဋ်က ရုပ်သံလွင့်ဥပဒေသည် ရုပ်သံမီဒီယာများအတွက် တရားမျှတမှုကို အကောင်အထည်ဖော်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် အောက်တိုဘာ ၂၁ ရက်က သတင်းမီဒီယာသမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ သို့သော် မီဒီယာသမားများကမူ ယင်းဥပဒေကို လွတ်လပ်မှုနှင့် မျှတမှု အားနည်းသည်ဟု ဝေဖန်ထားကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မီဒီယာသမားများက မီဒီယာဥပဒေများနှင့်ပတ်သက်၍ တွေ့ကြံုနေရသည့် အခက်အခဲများ၊ပါဝင်စေချင်သည်များကို ပြောဆိုဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များတွင် နိုင်ငံပိုင်မီဒီယာ များသည် နိုင်ငံတော်၏ ဘဏ္ဍာငွေမှ ထောက်ပံကြေးယူမည့်အပြင် ကြော်ငြာကြေးများ ကောက်ခံမည့် အပေါ် ထောက်ပြပြောဆိုကြသည်။