ရခိုင်ပြည်နယ်သည် လတ်တလောတွင် နိုင်ငံတကာ၏ အာရုံစူးစိုက်မှု ရရှိထားပြီး စိတ်ဝင်တစား ကူညီရန်ကမ်းလှမ်းမှုများ ရှိနေရာ ရခိုင်ဒေသခံများသည် နိုင်ငံတကာနှင့် ရန်ဖြစ်ခြင်းမှာ နစ်နာမှုဖြစ်သည်ဟု ရခိုင် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကပြောဆိုလိုက်သည်။
ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သူ၏ ဥရောပခရီးစဉ်အပြီး အတွေ့အကြံုများကိုရှင်းလင်းရာတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးမောင်မောင်အုန်းက “ရခိုင် အက်ရှင်ပလန်မှာ ဘယ်နေရာက ၀င်ပါရမလဲ။ သူတို့ကူညီရမယ့်နေရာက ကူညီဖို့အဆင်သင့်လို့ဆိုတယ်၊ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့လည်း နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ ပါးနပ်ဖို့၊ မကြိုက်ရင်တောင် ဘောင်အတွင်းက ဆန့်ကျင်ဖို့လိုတယ်။ မဟုတ်ရင် ကျွန်တော်တို့ ရခိုင်ပြည် နယ် ပုံရိပ်ထိခိုက်ပြီးရသင့်တဲ့ အခွင့်အရေးတွေဆုံးရှုံးမယ်” ဟု သတိပေးပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်စစ်တွေ မြို့တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အမြင်တွင် ရခိုင်ပြည်နယ်၏ ပုံရိပ်ပျက်ယွင်းခဲ့ရသည်ဟုလည်း ၎င်းပြောသည်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ထွက်ခွာသွားရန် ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူ ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ကျွန်မတို့က ရန်လိုနေတာမဟုတ်ဘူး၊ ကူညီမယ့်သူတွေဆိုတာ ပွင့်လင်းမြင်သာစွာနဲ့မျှတစွာ ကူညီရင် ဒါတွေဖြစ်စရာမလိုဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၄ ခုနှစ် မတ်လအတွင်းက မာတေဇာ အမည်ရှိ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တစ်ခုက သာသနာ့ အလံဖြုတ်ယူမှုနှင့် ပတ်သက်ပြီး စစ်တွေလူထုနှင့် အကူအညီပေးရေးအဖွဲ့များကြား အဆင်မပြေမှုများ ဖြစ်ပွားခဲ့သည်။ ယင်းကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအပါအဝင် ရခိုင်တွင် အကူအညီပေးနေသောအဖွဲ့များ၏ ရုံးခန်း ၁၄ ခန်းတို့ဖျက်ဆီးခံခဲ့ရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒုက္ခသည်စခန်းများတွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ပြန်လည် ဝင်ရောက်ရေးအတွက် ဒေသခံများနှင့် ညှိနှိုင်းနေဆဲ အခြေအနေဖြစ်သည်။