စစ်အစိုးရအုပ်ချုပ်သည့် ကာလအတွင်း လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများကို စုံစမ်းဖော်ထုတ််၍ မှတ်တမ်းတင် မည်ဟု ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO) က ထုတ်ပြန်ကြေညာလိုက်သည်။
NLD ပါတီ ပြင်ပရောက် နိုင်ငံရေးလှုပ်ရှားသူများဖြင့် ပူးပေါင်းဖွဲ့စည်းထားသော UNDO က ရန်ကုန်မြို့ ယုဒသန် ခန်းမတွင်အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်သော ပြည်နယ်တိုင်းလေးခု၏ စည်းရုံးရေးအဖွဲ့များ ဖွဲ့စည်းသည့် အခမ်းအနားတွင် ထိုသို့ကြေညာလိုက်ခြင်းဖြစ်သည်။
“စစ်အစိုးရ အုပ်ချုပ်တဲ့ကာလ နှစ်ပေါင်း နှစ်ဆယ်ကျော်တွင်းမှာ လူ့အခွင့်ရေးချိုးဖောက်ခံရတာတွေကို မှတ်တမ်းတစ်ခုအဖြစ်ရှိနေဖို့ လိုတယ်လို့ ကျွန်တော်တို့သတ်မှတ်တယ်”ဟု UNDO အဖွဲ့၏ အထွေထွေ အတွင်း ရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အုပ်ချုပ်ခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရများ၏ လူ့အခွင့်ရေးချိုး ဖောက် ခံရမှုများကို စုံစမ်းရန် စီစဉ်ခြင်းဖြစ်သည်။ “စိစစ်ပြုစုပြီးတဲ့ အချိန်မှာ တိုင်းပြည်မှာ သိသင့်သိထိုက် သူတွေအား လုံးကို တင်ပြမယ်”ဟု ယင်းအဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် က ပြောသည်။
ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၏ လူ့ဂုဏ်သိက္ခာ၊အမျိုးသားဂုဏ်သိက္ခာများ၊ ဘဝတည်ဆောက် ခွင့်များ၊ ကုသခွင့်များရရှိအောင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပြီးပါက “စစ်အုပ်ချုပ်ရေးကာလ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်ရေး ချိုးဖောက်မှုမှတ်တမ်း”အဖြစ်ထားရှိမည်ဟု ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး အတွက် လူ့အခွင့်ရေးချိုးဖောက်မှု ဆိုင်ရာ စုံစမ်းရေးကော်မတီကို ဖွဲ့စည်းမည်ဟုလည်း ကြေညာချက်တွင်ပါ၀င်သည်။
ကော်မတီကို ရွှေဝါရောင်သံဃာတော်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ သခင်ခေါင်းဆောင်ကြီးများ၊ အစဉ်အလာ ကြီးမားသော ၀ါရင့်နိုင်ငံရေးသမားများ၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင်များ၊ ကျွန်းပြန်နိုင်ငံ ရေးသမားများ၊ အလုပ်သမား အရေးအခင်းခေါင်းဆောင်များ၊ မှိုင်းရာပြည့်ခေါင်းဆောင်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များ၊ ရှစ်လေးလုံးအရေးတော်ပုံတွင်ပါ၀င်ခဲ့သူများ၊ ကျွန်း ဆွယ်အရေးအခင်းခေါင်းဆောင်များ၊ ဦးသန့်အရေးအခင်းခေါင်းဆောင်များ၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အခြား ပါဝင်သင့်သူများကိုလည်း ထည့်သွင်းဖွဲ့စည်းမည်ဟု ဆိုသည်။