အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင် ရွက်နေသော်လည်း လက်တွေ့မှာမူ နောက်ပြန်ဆုတ်သည့် လုပ်ဆောင်ချက်များရှိနေ၍ ဆွေးနွေးပွဲများ လိပ်ခဲတည်းလည်းဖြစ်နေရသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ပထမအကြိမ်ညီလာခံအပြီး အသစ်ပြန်လည်ဖွဲ့ထားသည့် ကောင်စီဝင်များ အစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည်။
UNFC ၏ ပထမဆုံးအကြိမ် ကောင်စီဝင် အစည်းအဝေးကို ထိုင်းနိုင်ငံ နယ်စပ်တစ်နေရာ၌ အောက်တိုဘာလ ၂၀ ရက်မှ ၂၂ ရက်ထိ သုံးရက်ကြာ ကျင်းပခဲ့ပြီးနောက် ၎င်းတို့၏ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များ အပါအဝင် အချက် (၇) ချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"လက်ရှိ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းရန် လုပ်ဆောင်နေသည်ဟု ပြောနေသော်လည်း လက်တွေ့ အကောင်အထည် ဖော်ရာတွင် တန်းတူခြင်း၊ တရားမျှတခြင်း မရှိသည့်အပြင် နောက်ပြန် ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ဆွေးနွေးပွဲများ လိပ်ခဲတင်းလင်း ဖြစ်နေရသည်"ဟု ဖော်ပြထားသည်။
မြန်မာ့တပ်မတော် အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်များတွင် စစ်ဆင်ရေးများ စဉ်ဆက်မပြတ် ပြုလုပ်နေပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍လည်း ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု ရှိ၊ မရှိ UNFC က သံသယ ဖြစ်လျက်ရှိသည်။
စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာအတွင်း ယင်းဒေသ သုံးခုတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား စစ်ရေးအရ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)နှင့် စက်တင်ဘာ ၂၉ ရက်မှ မွန်နှင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး ရှမ်းတောင်ပိုင်း တာဖာဆောင်ဒေသတွင်မူ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းတပ်မတော် (SSPP/SSA)နှင့် သုံးရက်ကြားတိုက်ပွဲများ ပြင်းထန်ကာ နှစ်ဖက် ကျဆုံးမှုရှိခဲ့ပြီး SSPP ၏ တပ်စခန်းတစ်ခုဆုတ်ခွာခဲ့ရသည်။ ကချင်ပြည်နယ် ဖားကန့်တွင်လည်း KIA ၏ တပ်စခန်း ဆုတ်ခွာရန် အစိုးရက အကြိမ်ကြိမ် သတိပေးစာ များ ပေးပို့ကာ စစ်ရေးတင်းမာလျက်ရှိသည်။
"ပင်လုံ သဘောတူညီချက်အရ ပြည်ထောင်စုစနစ်ကို တည်ဆောက်မယ်လို့ ပြောပေမယ့် ဒီနေ့ထိ သူတို့ပြောနေ တဲ့ ပြည်ထောင်စုဆိုတာက အတုအယောင် ပြည်ထောင်စုပေါ့ ကျွန်တော်တို့နဲ့ သဘောတူထားခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စုမျိုး မဟုတ်တော့ဘူးလို့ ကျွန်တော်တို့ ငြင်းဆိုဆိုတာ ဖြစ်တယ်” ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။
UNFC ၏ နှစ်ရက်ကြာ အစည်းအဝေးတွင် လက်ရှိ မိမိနိုင်ငံနှင့် ဆက်စပ်သော နိုင်ငံတကာ အခြေအနေ၊ ပြည် တွင်း အခြေအနေ၊ မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ အခြေအနေနှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ညှိနှိုင်းဆွေးနွေးပွဲ အခြေအနေများကို သုံးသပ်၍ အခြေအနေနှင့် ကိုက်ညီသော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်။