အမျိုးသမီး အမတ်တိုးရေး ဥပဒေပြင်ရန် မဖြစ်နိုင်ဟု ကော်မရှင်ဆို

အမျိုးသမီး အမတ်တိုးရေး ဥပဒေပြင်ရန် မဖြစ်နိုင်ဟု ကော်မရှင်ဆို
by -
မဇ္စျိမ

လွှတ်တော်များအတွင်း အမျိုးသမီး အမတ်များ ပိုမိုပါဝင်လာနိုင်ရေး ဥပဒေပြင်ဆင်ပေးရန် အစီအစဉ် မရှိဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ပြောသည်။

ရန်ကုန်မြို့၊ ပန်ဒါဟိုတယ်တွင် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော လုပ်ငန်းများအားလုံးတွင် အမျိုးသမီးများ ပိုမိုပါ၀င်လာရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အမျိုးသမီး အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခြင်းဖြစ်သည်။

ယင်းကို ကော်မရှင်က အားပေးသော်လည်း နိုင်ငံရေးပါတီတို့ ဆောင်ရွက်ရမည့် ကိစ္စသာဖြစ်သည် ဟု ဒေါ်မြင့်ကြည်က ဆိုသည်။

“ကော်မရှင်ဥပဒေမှာ အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေးလည်း ပေးထားပါတယ်။ အမျိုးသမီးတွေက သာ ပါဝင်နိုင်မယ့် အရည်အချင်းနဲ့ ပါဝင်ချင်တဲ့ ဆန္ဒလည်းရှိမယ်၊ ပါတီတွေကလည်း အမျိုးသမီး ကိုယ်စားလှယ်တွေ များများတင်မယ်ဆိုရင် ပိုပါဝင်လာမှာပါ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကော်မရှင်ကလည်း မဲစာရင်းပြုစုခြင်းကဲ့သို့သော လုပ်ငန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် ပညာပေးမည်ဖြစ်ပြီး အရပ်ဖက် အမျိုးသမီး အဖွဲ့အစည်းတို့ကလည်း ပညာပေးစေလိုသည်ဟု ဒေါ်မြင့်ကြည်က တိုက်တွန်းသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော်အမတ် ဒေါက်တာဒေါ်ညိုညိုသင်းကမူ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေးသည် ပါတီတို့၏ အရေးကိစ္စဖြစ်သော်လည်း ဥပဒေပြဋ္ဌာန်း၍ အားပေးသင့် သည်ဟု ပြောသည်။

“အမျိုးသမီးတွေ လွှတ်တော်မှာ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ အနည်းဆုံး ၃၀ရာခိုင်နှုန်း ပါ၀င်ဖို့ လိုအပ်တဲ့ ဥပဒေတွေကို ၂၀၁၅မှာ မဖြစ်မနေ ပြဌာန်းပေးပါလို့ တိုက်တွန်းအကြံပေးပါတယ်”ဟု ၎င်းက ဆိုသည်။

စုစုပေါင်း အမတ် ၆၆၄ ဦးရှိ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသမီးအမတ် ၁၇ ဦးသာ ရှိသည်ဟု စက်တင်ဘာ ၂၁ ရက်က ထုတ်ဝေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့၏ လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး ယင်းတို့ အနက် ၂၆ သန်းခွဲကျော်မှာ အမျိုးသမီးများဖြစ်သည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ထုတ်ပြန်သည့် ရှေ့ပြေး သန်ခေါင်စာရင်းတွင် ဖော်ပြထားသည်။

Most read this week