ယုဇနကုမ္ပဏီ ရှိနေခြင်းအား အလို မရှိကြောင်း ဒေသခံများ ဆန္ဒမဲ ပေး

ယုဇနကုမ္ပဏီ ရှိနေခြင်းအား အလို မရှိကြောင်း ဒေသခံများ ဆန္ဒမဲ ပေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ် လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာတောင်သူများသည် ၎င်းတို့ဒေသတွင် ယုဇနကုမ္ပဏီရှိနေခြင်း၏ ဆိုးကျိုးများရင်ဆိုင်နေရသောကြောင့် ‘အလိုရှိ မရှိ’ ဆန္ဒမဲပေးသည့် လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိနေရာ အောက်တိုဘာလ ၂၁ရက်နေ့က ကျေးရွာ ၂ ရွာ ထပ်မံ ဆန္ဒမဲပေးမှုပြု လုပ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက်နေ့တွင် လီဒိုလမ်းရှိ နောင်းလုံ ကောင်ရာကျေးရွာနှင့် နမ်ဖျတ်တိန်ကောက် ကျေးရွာ ၂ ရွာမှ တောင်သူများက ဆန္ဒမဲကောက်ခံမှု နှစ်နေရာတွင် ပြုလုပ်ခဲ့ကြရာ ကုမ္ပဏီအား အလိုမရှိကြောင်း ရလဒ် ရာခိုင်နှုန်းပိုများရခဲ့သည်ဟု လှုပ်ရှားမှုတွင်ပါ၀င်သော တောင်သူ ဦးလကောင်တန်ဂွန်း KNG ကချင်သတင်းဌာန သို့ ပြောသည်။

အိမ်ခြေ ၁၀၀ ကျော်ရှိသော နောင်လုံကောင်ရာကျေးရွာတွင်ပြုလုပ်ခဲ့သည့် ဆန္ဒမဲပေးမှုအစီစဉ်ကို နံနက် ၉ နာရီမှ ညနေ ၂ နာရီထိ သတ်မှတ်ထားခဲ့ရာ မဲပေးသူစုစုပေါင်း ၃၇၆ ယောက်ရှိပြီး ၄င်းတို့ထဲမှ အလိုမရှိကန့်ကွက်မဲ ၃၅၉ မဲ၊ အလိုရှိထောက်ခံမဲ ၁၁ မဲ နှင့် ပယ်မဲ ၆ မဲ ဖြင့် ကန့်ကွက်မဲ ၉၆.၁၂ ရာခိုင်နှုန်းရရှိခဲ့သည်ဟု ပြောသည်။

နမ်ဖျတ်တိန်ကောက်ကျေးရွာတွင်ပြုလုပ်သည့် ဆန္ဒမဲကောက်ခံမှုကိုလည်း နံနက် ၈ နာရီ မှ ၁၁ နာရီထိ သတ်မှတ်ထားခဲ့ရာ စုပေါင်းမဲ ၄၁၃ တွင် အလိုမရှိကြောင်း ကန့်ကွက်မဲ ၄၀၂ မဲ၊ ထောက်ခံမဲ ၈ မဲ နှင့် ပယ်မဲ ၃ မဲ ဖြင့် ၉၉ ကန့်ကွက်မဲရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီရှိနေခြင်းကို လယ်ယာမြေဆုံးရှုံးနစ်နာခဲ့သော ဒေသခံ တောင်သူ များ က ဆန္ဒမဲဖြင့်ကောက်ခံနေခြင်းဖြစ်ရာ ယခုအကြိမ်သည် တတိယ အကြိမ် ခံယူခြင်းဖြစ်သည်။

ယခုကဲ့သို့ ကောက်ခံခြင်းအားဖြင့် ဒေသခံများ ယုဇနကုမ္ပဏီကို ‘အလိုရှိမရှိ’ ဆန္ဒမှန်ကို ဖော်ထုတ်နိုင် မည် ဖြစ်သည် ဟု နောင်းလုံကောင်ရာမှ သိက္ခာတော်ရ ဆရာ အူရားနော် KNG ကချင်သတင်းဌာန သို့ပြောသည်။

"တောင်သူတွေရဲ့ လယ်ယာမြေတွေကို မတရားသိမ်းပိုက်ထားတယ်။ ကုမ္ပဏီအလုပ်သမားတွေ ဒေသခံတွေရဲ့ ကျွဲ၊ နွားတွေ ခိုးတယ် သတ်ဖြတ်တယ်။ သူတို့တူးထားတဲ့ကျဉ်းတွေမှာကျနော်တို့ တောင်သူတွေရဲ့ ကျွဲ၊ နွား တွေသေဆုံးတာ ရာချီရှိနေပြီ။ ကျနော်တို့စိတ်မကောင်းဘူး" ဟု ဆိုသည်။

ထိုသို့တောင်သူများ မိမိဆန္ဒဖြင့် မဲ ပေးမှုများပြုလုပ်ရာတွင် နမ်ဖျတ်တိန်ကောက်ကျေးရွာရှိ ကျန်းမာရေးဌာနမှ ဦးဇေယျဖြိူး ဆိုသူသည် "မင်းတို့ ဘာအတွက်လုပ်တာလဲ။ ဘယ်သူဦးဆောင်ပြီးလုပ်တာလဲ" ဟု မေးမြန်းကာ ဓာတ်ပုံများရိုက်သွားခဲ့ကြောင်း မဲ ပေးသူများပြောသည်။

လွန်ခဲ့သည့်၂၀၀၆ ခုနှစ်မှ ယုဇနကုမ္ပဏီဝင်ရောက်လာကာ လီဒိုလမ်းတလျှောက်ရှိ ကျေးရွာများ၏ လယ်ယာမြေများကို အဓ္ဓမသိမ်းယူကာ ပီလောပီနံများ စိုက်ပျိုးနေပြီး တောင်သူများမှာအိုးအိမ်ထိခိုက်နစ်နာ၍ လယ်မြေများဆုံးရှုံးကာ ခက်ခဲမှုများ ရင်ဆိုင်နေရသောကြောင့် ကုမ္ပဏီအား အလိုမရှိ ဖြစ်နေကြခြင်းဖြစ်သည်။

ထိခိုက်နစ်နာခဲ့သော ကျေးရွာဒေသခံများသည် ယုဇနကုမ္ပဏီအား အလိုမရှိကြောင်းကို ဆက်လက်ဆန္ဒမဲကောက်ခံ တင်ပြသွားမည်ဖြစ်ကြောင်း ကျေးရွာပြောရေးဆိုခွင့်ရှိသူများ က ပြောသည်။

Most read this week