ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်မည်
မဟုတ်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC)နှင့် နှစ်ရက်တာတွေ့ဆုံအပြီး အောက်တိုဘာ ၁၉ ရက်တွင် အမတ်အချို့က ပြောသည်။
နေပြည်တော်ရှိ မက်(စ်) ဟိုတယ်တွင်အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့၌ ဆွေးနွေးအပြီး ယင်းသို့ သုံးသပ်ကြခြင်း ဖြစ်သည်။
"အခု သက်တမ်းအတွင်းမှာ အပစ်ရပ်ရေးကို ခိုင်မာတဲ့ အုတ်မြစ် ချနိုင်ရေးအတွက် သေချာလုပ်မယ်၊ ၂၀၁၆ ကျမှ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ကိုသွားမယ်လို့ အစိုးရက ရည်ရွယ်ထားတယ်" ဟု မကွေးတိုင်း အမှတ် ၁၂၊ အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက မဇ္ဈိမကို ပြောသည်။
ယင်းအစည်းအဝေးတွင် UPWC က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာအကြံပြုချက်များကို တောင်းခံပြီး အပစ်ရပ်စာချုပ် ချုပ်ညှိနှိုင်းရာတွင် ကြန့်ကြာနေသည့် အချက်များကို ရှင်းလင်းပြောဆိုခဲ့သည်ဟု အမတ်တို့က ဆိုသည်။
"ငြိမ်းချမ်းရေးကို အမြန်ရအောင်လို့ အတတ်နိုင်ဆုံးလုပ်နေတယ်လို့ပြောတယ်။ ဘာတွေကြောင့် ကြာနေတာလည်းဆိုတာကိုလည်း ရှင်းပြတယ်ဆိုပေမယ့် ထုတ်ပြောတဲ့နေရာမှာ တစ်ဖက်က တောင်းဆိုမှုတွေ ရှိလို့ ပြောလို့မရဘူး" ဟု အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
ဆွေးနွေးပွဲကို တိုင်းရင်းသား ဒေသကိုယ်စားပြုအမတ်များနှင့် လွှတ်တော်ရေးရာကော်မတီဝင်များကို ဖိတ်ခေါ်၍ UPWC က ရှင်းပြခဲ့ခြင်း ဖြစ်သည်။ အပစ်ခတ်ရပ်စဲရေးစာချုပ်ကို ဩဂုတ်လအတွင်း ချုပ်ဆိုရန် ကြိုးပမ်းသွားမည်ဟု ဦးသိန်းစိန်က နှစ်ဆန်းပိုင်း ဥရောပ ခရီးစဉ်အတွင်း ပြောထားသော်လည်း ယနေ့ထိ စာချုပ်ပါ အချက်များအပေါ် တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းမှု မပြီးပြတ်သေးပေ။
တပ်မတော်ဖွဲ့စည်းမှု၊ တပ်နေရာချထားမှု စသဖြင့်အချက် ငါးချက်ကို အစိုးရနှင့် တိုင်းရင်းသားတို့ သဘောတူညီမှု မရသေးခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ စတင်တာဝန်ယူခဲ့သော ဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်ရေးလက်မှတ်ထိုး ပြီး ဖြစ်သော်လည်း တစ်နိုင်ငံလုံးဆိုင်ရာ သဘောတူစာချုပ် မချုပ်ဆိုနိုင်သေးခြင်းဖြစ်သည်။