မွန်သမိုင်း သုတေသန ပညာရှင် နိုင်ခင်မောင်လေး ကွယ်လွန်

မွန်သမိုင်း သုတေသန ပညာရှင် နိုင်ခင်မောင်လေး ကွယ်လွန်

ရှေးဟောင်းသုတေသန ဦးစီးဌာန၊ မွန်ပြည်နယ် ယဉ်ကျေးမှုနှင့် အမျိုးသား စာကြည့်တိုက် အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး၊ မွန်သမိုင်း သုတေသန ပညာရှင် နိုင်ခင်မောင်လေးသည် အောက်တိုဘာလ ၁၆ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် နှလုံးရောဂါဖြင့် မော်လမြိုင်မြို့ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

“ဆီးချို၊ ကျောက်ကပ်ရောဂါ အခံလည်း ရှိတယ်။ နောက်တော့ နှလုံးရောဂါပေါ့။ ဒါနဲ့ပဲ ဆုံးသွားတယ်” ဟု ဇနီးဖြစ်သူ မိခင်မြ က ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ် ရှိပြီ ဖြစ်သည့် နိုင်ခင်မောင်လေးကို အဖ နိုင်ကျော်၊ အမိ မိအေးသင်တို့မှ  ၁၉၅၀ ခုနှစ်၊ ဒီဇင်ဘာလ  ၂၈ ရက်တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာ၌ မွေးဖွားခဲ့ပြီး သမိုင်းဘာသာရပ်ဖြင့် တက္ကသိုလ်ဘွဲ့ ရရှိခဲ့သည်။

 Naing-Khin-Maung-Lay

သူသည် မွန်အမျိုးသား ကျောင်းဆရာအဖြစ်လည်းကောင်း၊ မွန်ယဉ်ကျေးမှုပြတိုက် တည်ထောင်နိုင်ရန် ကြိုးပမ်ခဲ့သူအဖြစ် လည်းကောင်း၊ ပြည်ထောင်စုနေ့ မွန်ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်နှင့် ဆို က ရေး တီး မွန်ပြည်နယ် အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း၊ မွန်သမိုင်း သုတေသနအဖွဲ့ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့ပြီး မွန်မှုသုတေသန စာတမ်း၊ ဆောင်းပါး၊ သမိုင်းနှင့် ရာဇဝင်တို့ကို ဂျာနယ်နှင့် မဂ္ဂဇင်းများစွာတွင် ရေးသားခဲ့သည်။ ထင်ရှားသည့် ၎င်း၏ စာအုပ်များမှာ တိမ်မြုပ်ပျောက်ကွယ်နေသည့် မွန်တို့၏ မြို့ပြနိုင်ငံများ၊ မွန်သမိုင်းပုံရိပ် စသည်တို့ ဖြစ်သည်။

“မွန်သမိုင်း သုတေသနအတွက် စနစ်တကျ လုပ်လာခဲ့တဲ့ ဆရာတစ်ယောက် ဆုံးသွားပြီလို့ ရုတ်တရက်ကြားတော့ တော်တော်လေး ထိန့်လန့်မိတယ်။ အစားထိုးလို့ မရတဲ့ ပညာရှင်တစ်ယောက် ဆုံးသွားတာပဲလို့ ခံစားမိတယ်” ဟု မွန်ပြည်နယ် မွန်တိုင်းရင်းသားများ ဆိုကရေးတီး ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး နိုင်အောင်ထူး က ပြောသည်။

နိုင်ခင်မောင်လေး၏ ကျန်ရစ်သည့် ရုပ်ကလာပ်ကို အောက်တိုဘာလ ၁၈ ရက်တွင် မော်လမြိုင်မြို့သုဿာန်၌ မီးသင်္ဂြိုဟ်မည် ဖြစ်သည်ဟု ဇနီးဖြစ်သူက ပြောသည်။

ကွယ်လွန်ချိန်၌ ဇနီး မိတင်မြ၊ သမီး မြကြေးနွန်၊ မြချမ်းနွန်၊ မြကွန်းနွန်နှင့် သား ဗညားကောင်းနွန်တို့ ကျန်ရစ်သည်။

Most read this week