၂၀၁၅ ​ရွေး​ကောက်ပွဲတွင် ဧည့်စာရင်းဖြင့်နေထိုင်သူ ရွှေ့ပြောင်းလုပ်သားများလည်း မဲပေးနိုင်ရေး စီစဉ်

၂၀၁၅ ​ရွေး​ကောက်ပွဲတွင် ဧည့်စာရင်းဖြင့်နေထိုင်သူ ရွှေ့ပြောင်းလုပ်သားများလည်း မဲပေးနိုင်ရေး စီစဉ်
by -
မဇ္စျိမ

ဧည့်စာရင်းဖြင့် နေထိုင်ကြသော ပြည်တွင်းနေ ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိရာ နေရာများတွင် ၂၀၁၅ အထွေထွေရွေးကောက်တွင် မဲပေးနိုင်ရေး စီစဉ်မည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက အောက်တိုဘာ ၁၇ရက်တွင် မဇ္စျိမကို ပြောသည်။

"ရက်ပေါင်း ၁၈၀ ဧည့်စာရင်းနဲ့ နေထိုင်ခဲ့သူ ရွှေ့ပြောင်းအလုပ်သမားတွေကို သွားလာရေး အခက်အခဲရှိရင် ဒီမှာပဲမဲပေးလို့ရအောင် ကော်မရှင် အသီးသီး ချိတ်ဆက်ပြီး လုပ်ပေးမှာပါ။ အဲဒါကိုတော့ ရွေးကောက်ပွဲ မကျင်းပမီ သုံးလအတွင်းမှာ လုပ်မှာပါ"ဟု ဆိုသည်။

Election

မဲပေးနိုင်သူ စာရင်းများ ပြုစုရာတွင်မူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ထုတ်ပေးထားသည့် အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ကိုသာ အခြေခံ ကောက်ယူမည်ဖြစ်သည်။

ထို့ကြောင့် ရောက်ရှိ မဲဆန္ဒနယ်မြေအတွင်း ရက်ပေါင်း ၁၈၀ အထိ ဧည့်စာရင်းဖြင့် နေထိုင်သူများ ကို  ရွေးကောက်ပွဲ ဥပဒေပါ ပုံစံ ၃(က)အရ ရောက်ရာ အရပ်တွင် မဲပေးနိုင်ရန် ကော်မရှင်က စီစဉ်ခြင်းဖြစ် သည်။

"ပန်းတနော်က ရန်ကုန်မှာလာနေတာ ၁၀နှစ်ရှိပြီ၊ ၂၀၁၀ ကော ၂၀၁၂ ကော လုံးဝ မဲမပေးရဘူး။ အုပ်ချုပ်ရေးမှူးတွေက တရားမဝင်လို့ဆိုပြီး မဲစာရင်းထဲကို မထည့်ပေးဘူး၊ မဲစာရင်းပါဖို့ သွားပြောတယ်၊ ဒါပေမယ့် ဘာမှကို မလုပ်ပေးဘူး"ဟု ပုဂ္ဂလိက ၀န်ထမ်း ဦးရဲမင်းထွန်းက ဆိုသည်။

မဲစာရင်းအသစ် ပြန်လည်ပြုစုမှုကို  အဆင့် သုံးဆင့်ဖြင့် နိုဝင်ဘာမှ ၂၀၁၅ မေလ အထိ ဆောင်ရွက် ရန် ကော်မရှင်က စီစဉ်ထားပြီးလည်းဖြစ်သည်။၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၂၉သန်းအထိရှိခဲ့ပြီး လာမည့် ၂၀၁၅တွင် သန်း ၃၀ကျော်ရှိနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ခန့်မှန်းသည်။

အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု  ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ လအတွင်း မီဒီယာတို့ကို ပြောထားသည်။

Most read this week