ပဲခူးတိုင်း အင်းတကော်မြို့နယ် အတွင်းရှိ ကျေးရွာရှစ်ရွာခန့်ကို စစ်တပ်က အုတ်တံတိုင်း ခတ်လိုက်သောကြောင့် သွားလာရန်ခက်ခဲပြီး ကျောင်းသား၊ ကျောင်းသူများလည်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ညအိပ်သင်ကြားနေရသည်ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးညိုမင်းက မဇ္စျိမကိုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ကျေးရွာများကို အုတ်တံတိုင်းခတ်လိုက်ခြင်းကြောင့် ကျောင်းသားများက အုတ်တံတိုင်းကို ကျော်တက်ကာ ကျောင်းတက်ခဲ့ရသည့် ဓါတ်ပုံများ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျ့ံနှံ့ခဲ့သေးသည်။
သို့သော်လည်း ယင်းသို့ ကျော်တက်ခြင်းကို ကင်းလှည့်တပ်ဖွဲ့များက တားမြစ်သဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ညအိပ်သင်ကြားနေရခြင်းဟု ဦးညိုမင်းက ဆိုသည်။
“စစ်တပ်က ကင်းလှည့်နေတော့ ကျော်တက်လို့လည်း မရတော့ဘူး။ ကျောင်းအိပ်ကျောင်းစား သွားနေကြတယ်၊ အချို့က မတက်ကြတော့ဘူး”ဟု ပြောသည်။
ပဲခူးတိုင်း အမှတ်(၁) ခဲယမ်းမီးကျောက်တပ်က ပဲခူးတိုင်း အင်းတကော်မြို့နယ် သာယာကုန်းကျေးရွာ၊ ရွှေလေးကျေးရွာ၊ ဂုံညင်းတန်းကျေးရွာ၊ ထိခတို ကျေးရွာ၊ ကျောက်ပုန်းကျေးရွာ၊ ကျွဲဒညင်းကုန်း ကျေးရွာ၊ အင်းခနီကျေးရွာ၊ မြေနီကုန်း ကျေးရွာနှင့် ကြေးဇွန်းကျေရွာများအပါအဝင် ရွာသားများ၏ လယ်ယာမြေများ၊ ဥယျဉ်ခြံမြေ ဧက ငါးထောင်ခန့်ကို သိမ်းဆည်းထားပြီး အုတ်တံတိုင်း ခတ်လိုက် သဖြင့် ကျေးရွာရှစ်ရွာ အုတ်တံတိုင်း အတွင်းရောက်ရှိကာ ကျောင်းသားများ သွားလာရန် ခက်ခဲခဲ့ခြင်း ဖြစ် သည်။
အောင်သိဒ္ဒိကျောင်းတိုက်မှ ဆရာတော် ဦးအဂ္ဂဓမ္မ က “ကျောင်းသားလေးတွေ စိတ်ထဲမှာ တော့ ထိခိုက်မှုရှိတာပေါ့၊ ဆက်မသင်ချင်တော့တဲ့ သူတွေကို သင်ချင်လာအောင် လုပ်ရတာပေါ့”ဟု ဆိုသည်။
အဆိုပါဗကကျောင်းတွင် ကျောင်းသား ၊ကျောင်းသူ သုံးရာကျော်ရှိပြီး ကျေးရွာရှစ်ရွာမှ ကျောင်းသား နှစ်ဆယ့် ကိုးဦးလာရောက်သင်ကြားနေသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မဇ္စျိမက အမှတ် (၁) ခဲယမ်းမီးကျောက်တပ်သို့ ကြိုးစားဆက်သွယ်ခဲ့ သော် လည်း အဆက်အသွယ် မရခဲ့ပေ။
ပဲခူးတိုင်း အမှတ်(၁)ခဲယမ်းမီးကျောက်တပ်က ပဲခူးတိုင်းတွင် ၁၉၉၃ ခုနှစ်က အခြေစိုက်ခဲ့ပြီး ၁၉၉၆ တွင် လယ်ယာများကို သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် အုတ်တံတိုင်း စတင်ခတ်လိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျေးရွာများက ထိုအုတ်တံတိုင်းအတွင်း ရောက်ရှိသွားခြင်းဖြစ်သည်။