မြောက်ဦးနန်းရာကုန်းမှမြေသားများ လမ်းခင်းရာတွင် အသုံးပြုမူ ဒေသခံများကန့်ကွက်

မြောက်ဦးနန်းရာကုန်းမှမြေသားများ လမ်းခင်းရာတွင် အသုံးပြုမူ ဒေသခံများကန့်ကွက်
by -
နိရဥ္စရာ

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးနန်းရာကုန်းအား တူးဖေါ်နေပြီး ယင်းမှ ထွက်ရှိလာသော ကျောက် တုံးကျောက်စများ အပါအဝင် မြေသား၊ မြေစိုင် များအား လမ်းခင်းရာတွင် အသုံးပြုနေမူအပေါ် ဒေသခံများ ၀ိုင်းဝန်းကန့်ကွက်မူများ ရှိနေကြောင်း သိရသည်။

ယခုအခါ မြောက်ဦးနန်းတော်ကုန်း အနီးတဝိုက်တွင် တောရှင်း၊ မြေတူးဖေါ်များကို ပြုလုပ်နေသည့် အပြင် ကျောက်မြို့ရိုး တံတိုင်းများကိုလည်း ကျောက်တုံးကျောက်သား အသစ်များနှင့် ပြုပြင်ဖာထေးနေကြောင်း သိရသည်။

ထိုသို့ တူးဖေါ် ပြုပြင်ရာမှ ထွက်ရှိလာသော ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များနှင့် သက်ဆိုင်သော ကျောက်တုံး၊ ကျောက်ခဲ၊ အုတ်ကြွပ် အပါအဝင် ရှေးဟောင်း လူအသုံးအဆောင် ပစ္စည်းများဖြစ်ကြသော အိုးခွက် ပုဂံ၊ အိုးကွဲများကို လမ်းခင်းရာတွင် အသုံးပြုနေသည်ဟု မျက်မြင်များ က ပြောသည်။

ဆရာတော် ကေသာရ ကောက်ယူလာခဲ့သော ရှေးဟောင်း ယဉ်ကျေးမူလက်ရာ အပိုင်းအစများ ( ဓါတ်ပုံ- နိရဥ္စရာ)

“ အခု လမ်းခင်းတဲ့ နေရာမှာ ကျွန်တော်တို့က ရှေးဟောင်းနန်းမြို့ရိုးက ထွက်လာတဲ့ ရှေးဟောင်း အသုံးအဆောင် ပစ္စည်းတွေနဲ့ တန်ဖိုးရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေ အများကြီး ပါနေတာကို တွေ့ရတယ်။ ဒီအတွက် ဒီမြေတွေကို လမ်းခင်းရာမှာ အသုံးပြုပစ်တာကို လုံးဝ မလိုလားပါ” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ယခုအခါ နန်းတော်ရာကုန်း ပထမထပ်အား တူးဖေါ်ရာမှထွက်လာသော ရှေးဟောင်း ပစ္စည်းများပါဝင် သည့်မြေသားများကို မြောက်ဦးမြို့ ဆင်ချဆိပ် ရပ်ကွက်ရှိ မြောက်ဦး-ကျောက်တော်ကားလမ်းတိုးချဲ့ရာတွင် အသုံးပြုနေကြောင်း မြောက်ဦးမြို့ခံ တစ်ဦးလည်းဖြစ်၊ မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်လည်းဖြစ်သူ ဦးထွန်းလှိုင်ကပြောသည်။

“ဒီမြေစာတွေထဲမှာ ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ နန်းအမိုးပြားတွေ၊ ကြွေပြားတွေ၊ အုတ်တွေပါတယ်။ ဒါကြောင့် ဒီမြေတွေကို အသေအချာသန့်စင်ပြီးမှ ရှေးဟောင်းပစ္စည်းတွေကိုတစ်နေရာမှာ သိမ်းဆည်းထား ပြီးတော့မှ ဒီမြေသားတွေကို အသုံးပြုသင့်တယ်ဆိုပြီး မြို့ခံတွေအနေနဲ့ တောင်းဆိုထားတယ်ဗျ”ဟု ဦးထွန်းလှိုင် က ဆိုသည်။

ယင်းသို့ မြို့ခံများတောင်းဆိုထားမှုကြောင့် မြေသားများကို လမ်းတိုးချဲ့ရာတွင်သွားရောက်အ သုံးပြုနေခြင်း လုပ်ငန်းအား ခေတ္တရပ်ဆိုင်းထားသည်မှာ ၅ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း၊ နန်းရာကုန်းမှ ထွက်လာသော မြေ သားများကို လမ်းတိုးချဲ့ရာတွင် ဖို့နေသည်မှာ တစ်လကျော်ခန့် ရှိနေပြီ ဖြစ်ကြောင်း ဦးထွန်းလိူင်က ပြော ဆိုသည်။

မြောက်ဦးမြို့ နန်းရာကုန်းမှ တူးဖေါ် ထွက်ရှိလာသော မြေကြီးများထဲတွင် တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း ယဉ်ကျေးမူ လက်ရာအသုံးအဆောင်များ ပါ၀င်နေသဖြင့် ယင်းမြေကြီးများကို လမ်းခင်းရာတွင် အသုံးပြုရန် မသင့်ကြောင်း မြောက်ဦးမြို့မှ ဆရာတော် ဦးကေသာရမှ မိန့်ကြားသည်။

“အောက်တိုဘာလ ၃ ရက်နေ့ ညနေမှာမြောက်ဦးနန်းရာကုန်း ကိုသွားတယ်။ နန်းရာကုန်း ပတ်ပတ်လည်မှာ အတွင်းတံတိုင်းဆိုပြီးတော့ရှိပါတယ်။ နောက်ပြီးတော့ ဒုတိယ တံတိုင်းဆိုတာလည်း ရှိပါတယ်။ အဲဒီ အပြင်ဘက်မှာ စွန့်ပစ် ထားတဲ့ပစ္စည်းတွေကို  ဦးဇင်းကမြင်တော့ သွားကြည့်ပါတယ်။ ရှေးဟောင်း အမွေနှစ် အကျိုးအပဲ့ ပစ္စည်းတွေ အများကြီးတွေ့ပါတယ်။ ဒါနဲ့ ဦးဇင်းက ဒါတွေဟာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းအမွေ အနှစ်တွေဆိုပြီး အချို့ကို သယ်လာခဲ့တယ်။ ဦးဇင်းအမြင်ကတော့ ဒီမြေကြီးတွေဟာ တန်ဖိုးရှိတဲ့ အတွက် လမ်းခင်းရာ မသုံးသင့်ဘူးလို့ မြင်ပါတယ်” ဟု ဆိုသည်။

ယခုလိုသာ စိတ်ထင်တိုင်း ပြုလုပ်နေကြမည်ဆိုလျှင် ရှေးဟောင်း အမွေအနှစ်များ များမကြာမီ ပျောက်ကွယ် ပျက်စီး သွားလိမ့်မည်ဟု သူက ဆိုသည်။

“ မြောက်ဦးမြို ့ဟာ ရခိုင်ရှေးဟောင်းမြို ့တော်ဖြစ်ပြီးတော့ ရှေးဟောင်း ယဉ်ကျေးမူ အမွေနှစ်တွေ အထူး ပေါများတယ်။  သမိုင်းသုတေသီတွေနဲ့ သမိုင်းပညာရပ်ဆရာတွေကို လေ့လာလိုက်စားသူတွေ အနေနဲ့  ဒီလို မျိုး စွန့်ပစ်ထားမယ်ဆိုရင် ရခိုင်သမိုင်းအမွေနှစ်ဟာပျောက်ဆုံးသွားလားနိုင်ပါတယ်။ ဘယ်လူမျိုးက ပိုင်တဲ့ သမိုင်း အမွေအနှစ်ဘဲ ဖြစ်ပါစေ လူသား အမြင်၊ သမိုင်းအမြင်၊ ယဉ်ကျေးမူ အမြင်တွေနဲ့ ကာကွယ်သင့်ပါတယ်” ဟု ဦးဇင်းက ဆိုသည်။

မြန်မာနိုင်ငံ ယဉ်ကျေးမူ ၀န်ကြီးဌာနသည် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခတ္တရာတို့အား ယူနက်စကို အစောင့်အရှောက်ခံ ကမ္ဘာအမွေအနှစ် နယ်မြေ အဖြစ် အဖြစ် စာရင်းသွင်းထားပြီး ယခု တဖန် ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းထဲတွင် ထည့်သွင်းရန် ဆက်လက် ကြိုးပမ်းနေသည်။ သို့သော်လည်း ဘီစီ ၆ ရာစုမှ အေဒီ ၄ ရာစုထိ ထွန်းကားခဲ့သော ရခိုင်ဒေသမှ ဓညဝတီ မြို့ဟောင်းကိုမူ ကမ္ဘာ့ အမွေအနှစ် စာရင်းထဲတွင် ထည့်သွင်းရန်ကိုမူ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

ပုဂံကို ကမ္ဘာအမွေအနှစ်တစ်ခု အဖြစ်သတ်မှတ်နိုင်ရေး အတွက် ယဉ်ကျေးမူ ၀န်ကြီးဌာနမှ ကြိုးပမ်းဆောင် ရွက်နေချိန်တွင် မြောက်ဦးမြို့ နန်းတော်ရာကုန်းရှိ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များမှာမူ ဖျက်ဆီးခံနေ ကြရသည်ဟု ဒေသခံများက အမြင်များ ရှိနေကြသည်ဟုလည်း သိရသည်။

နန်းရာကုန်းမှ မြေများကို လမ်းခင်းရာတွင် အသုံးပြုနေခြင်းမှာ မဖြစ်သင့်ကြောင့် ရခိုင်သမိုင်းသုတေသီ ဆရာ သူမြတ်(မဟာအောင်မြေ)က ပြောသည်။

“မြောက်ဦးမြို့နန်းရာကုန်းဟာ ရခိုင်တစ်မျိုးသားလုံးအတွက် အထွဋ်အမြတ် နေရာတစ်ခုပါ။ အဲဒီနေရာကထွက် တဲ့ မြေသားတွေထဲမှာလည်း ရခိုင်တို့ရဲ့အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်း အမွေအနှစ်တွေပါလာနိုင်တယ်။ ဒါကိုမှ လမ်းခင်းရာမှာ အသုံးပြုတယ်ဆိုတော့ ဒီကိစ္စဟာ ရှေးဟောင်းသုတေသနဝန်ကြီးဌာနမှာ အဓိကတာဝန် ရှိတယ်။ ရှေး/သုအနေနဲ့တကယ်လုပ်ရမှာက အဲဒီနန်းရာကုန်းကထွက်ရှိလာတဲ့မြေသားတွေကိုစနစ် တကျ ရေတွေနဲ့ဖျော် ပြီးတော့ ရရှိလာတဲ့ ရှေးဟောင်းပစ္စည်းလေးတွေကို စနစ်တကျသိမ်းဆည်းထားသင့် တယ်” ဟု ထောက်ပြပြောဆိုသည်။

မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်း ရန်ကုန်-အမ်းရထားလမ်းဖောက်လုပ်သည့်အခါလည်း ရခိုင်တို့၏ ရှေးဟောင်း မြို့ရိုးများကိုဖြတ်ကာ ရထားလမ်းဖောက်လုပ်ခဲ့သည့်အတွက် ရခိုင်တို့၏ ရှေးဟောင်း အမွေအနှစ်လက်ရာများ ပျက်စီးဆုံးရှုံးသွားခဲ့ပြီးဖြစ်သလို ယခုတဖန်မြောက်ဦးနန်းရာကုန်းမှ ထွက်ရှိလာသည့် ရှေးဟောင်းအမွေအနှစ်လက်ရာများ ပါဝင်သော မြေစာများကို ကားလမ်းတိုးချဲ့ရာတွင်အသုံးပြုခြင်းမှာ လုံးဝ မဖြစ်သင့်ကြောင်းလည်း ဆရာ သူမြတ် (မဟာအောင်မြေ)က ဆက်လက်သုံးသပ်သည်။

 မြောက်ဦးရှိ အမြင့်တောင်ခံတပ်ကို ရထားလမ်းဖေါက်လုပ်စဉ်က ဖြိုဖျက်နေစဉ် ( ဓါတ်ပုံ- နိရဥ္စရာ)

ယခုကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက လက်ရှိလမ်းခင်းရာတွင်အသုံးပြုနေသည်ဆိုသည့်အဆိုပါမြေစာများမှာ နန်းရာကုန်း ပေါ်တွင် လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ရှေး/သုဌာနမှ ဒုညွှန်မှူးတစ်ဦးက တူးဆွ၍ စည်းကမ်းမဲ့ ပစ်ချထားခဲသည့်မြေစာများသာဖြစ်ပြီး ယခုအချိန်တွင် နန်းရာကုန်းသာယာလှပရေးအတွက် ဖယ်ရှား ရှင်းလင်းနေခြင်းသာဖြစ်ကြောင်း နိရဥ္စရာသို့ပြောဆိုသည်။ “လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က စည်းမရှိကမ်းမရှိပစ်ချသွားခဲ့တာဗျာ။ အဲဒီမြေတွေက အလကားနေရင်း ဖို့နေတာ။ အဲဒီ မြေစာတွေကို ကျွန်တော်တို့က နန်းရာကုန်းကို ပြန်ပြီးတူးတာမဟုတ်ဘူး။ ပြန်ပြီးထိန်းသိမ်းရေးလုပ်တဲ့အခါ နန်းတော် တံတိုင်းကြီးတွေကို ကျွန်တော်တို့က  Park အဖြစ်လုပ်မှာဆိုတော့ သဘာဝ ပတ်ဝန်းကျင် သာယာ လှပရေး အတွက် လုပ်မှာ။ ပန်းခြံ သဘောမျိုးထည့်ပြီးလုပ်မှာ။ ကစားကွင်းတွေဘာတွေထည့်မှာ။ မြက်တွေစိုက်မှာ။ ထိုင်ခုံတွေ၊ နားနေခန်းတွေ၊ သန့်စင်ခန်းတွေထည့်မယ်။ အဲဒီခါမှာ ပန်းပင်တွေပါစိုက်မယ်။ ရေလိုင်းတွေလည်း ထည့်မယ်။ ထည့်မယ်ဆိုတော့ သူတို့ကတော့ ဒီဟာတွေကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ပြောတယ်။ အမှန်တကယ်ကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကစည်းမရှိကမ်းမရှိပစ်ချထားခဲ့တဲ့မြေစာတွေကို ကျွန်တော်တို့က ပြန်ညှိပေးတာသာဖြစ်ပါတယ်”ဟု ဦးအောင်ကျော်ဇံက နိရဥ္စရာသတင်းဌာနကို အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းက ရှင်းပြ ပြောဆိုသည်။

မြောက်ဦးမြို့ နန်းတော်အား အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်က တည်ဆောက်ခဲ့ပြီး ရခိုင်တို့ ၏ နောက်ဆုံးမင်းဆက်ဖြစ်သော မဟာသမ္မတရာဇာလက်ထက် အေဒီ ၁၇၈၄ ခုနှစ်တွင် ဗမာဘုရင် ဘိုးတော်ဦးဝိိုင်းမှ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်စဉ် မြောက်ဦးနန်းတော်အား မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။ နှစ်ပေါင်း ၃၀၀ ကျော်ထိ တည်ထောင် ထွန်းကားခဲ့သော မြို့တော် တစ်ခုဖြစ်သဖြင့် ယဉ်ကျေးမူ အမွေအနှစ် လက်ရာ အများအပြားမှာ မီးရှို့ဖျက်ဆီးစဉ်က ပျက်စီးသွားခဲ့သော်လည်း အချို့ပစ္စည်းများမှာ နန်းရာကုန်းပေါ်ရှိ မြေကြီးထဲတွင် နစ်မြုပ် ကျန်ရှိခဲ့သည်ဟု သိရသည်။

ရခိုင်ဒေသတွင် မြောက်ဦးမြို့တော်အပြင်  ဓညဝတီ၊ ဝေသာလီ စသော ယဉ်ကျေးမူ အမွေအနှစ် ထွန်းကားရာ ရှေးဟောင်းမြို့တော်ကြီးများ တည်ရှိသည်။ စစ်တွေ- အမ်း- မင်းဘူးရထားလမ်းကြောင်းကို ဖေါက်လုပ်စဉ်ကလည်း ရခိုင်သမိုင်းပညာရှင်များ ကန့်ကွက်နေသည့်ကြားထဲက ရခိုင်အမျိုးသားတို့ တန်ဖိုးထားရာ ဓညဝတီ မြို့ရိုးကို ဖြတ်သန်းကာ  ဖေါက်လုပ်ခဲ့သည်ဟု သိရသည်။

ယခင် စစ်အစိုးရလက်ကလည်း ရထားလမ်းကို အကြောင်းပြပြီး ရှေးဟောင်း ယဉ်ကျေးမူ နယ်မြေ ဖြစ်သော အမြင့်တောင်ခံတပ်၊ လေသာတောင်ခံတပ်၊ ပြည်စိုးကြီးဘုရား၊ သဇင်တံရှေးဟောင်းစေတီ များကို မြေတူးစက်များဖြင့် တူးဖေါ်ပစ်သဖြင့် ယဉ်ကျေးမူ အမွေအနှစ် အများအပြား ဆုံးရှံုး ပျက်စီးခဲ့ရသည်။

Most read this week