KIA တပ်ရင်း ၆ ကို တပ်စခန်းမှ ဆုတ်ခွာရန် တပ်မတော်သတိပေး

KIA တပ်ရင်း ၆ ကို တပ်စခန်းမှ ဆုတ်ခွာရန် တပ်မတော်သတိပေး
by -
မဇ္စျိမ

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ကို တပ်စခန်းမှ ဆုတ်ခွာပေးရန် အစိုးရ၏ တပ်မ ၆၆ မှူးက အောက်တိုဘာလ ၁၄ ရက်က ရွာလူကြီးများမှ တဆင့် သတိပေးပြောကြားခဲ့သည်ဟု KIA တပ်ရင်းမှ အရပ်ဘက်အရာရှိ ဦးလဗျတန်ဂွန်းက ပြောသည်။

တပ်မ ၆၆ တပ်ဖွဲ့မှူးက KIA တပ်ရင်း ၆ တပ်ကို အောက်တိုဘာလ ၁၄ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဆုတ်ခွာပေးရန် ဖားကန့်မြို့နယ် သန်းဂေါင် အောင်ဘာလေကျေးရွာ လူကြီးများက လာရောက် အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။

KIA

“ဒီနေ့ ညနေ ၆ နာရီမှာ ဆုတ်ပေးဖို့ ရွာသားတွေကို ခေါ်ပြီး ပြောခိုင်းတာ။ ရွာသား ၄ ယောက် ၅ ယောက် လာပြီး ပြောတာ။ ဒါက ကျွန်တော်တို့ နေရာပဲ ဘာလို့ ဆုတ်ပေးရမှာလဲ။ မဆုတ်ပေးပါဘူး၊ သူတို့ ဝင်လာ ရင်တော့ တိုက်ရမှာပဲ” ဟု သူက မဇ္စျိမကို ပြောသည်။

KIA ဘက်မှ ဆုတ်ခွာပေးမည် မဟုတ်သလို၊ အစိုးရ စစ်တပ်ဘက်မှ ပစ်ခတ် တိုက်ခိုက်လာပါက KIA ဘက်ကလည်း ခုခံတိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည်ဟု သူက ပြောသည်။ လက်ရှိတွင် တည်ငြိမ်နေ ဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)သည် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UWPC)နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့တို့နှင့်အတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေသည်။

နောက်ဆုံး ၆ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူညီမှု မရခဲ့ဘဲ နောက်တစ်ကြိမ် အောက်တိုဘာ အတွင်း တွေ့ဆုံရန်သာ သဘောတူခဲ့သည်။

ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ လျော့နည်းခဲ့သဖြင့် နှစ်ဖက် ယုံကြည်မှု ပိုမိုရှိလာပြီး လုပ်ငန်းတိုးတက်မှု ရှိသည်ဟု ပြီးခဲ့သည့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးကော်မတီဝင် ဗိုလ်မှူးကြီး ခွန်နောင်က မဇ္စျိမကို ပြောဆိုခဲ့သည်။

Most read this week