ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်ချောင်းဆိပ်ကမ်းနေရာကို ရခိုင်နှင့် ဘင်္ဂါလီ လူမျိုးစုနှစ်ခု ပူးပေါင်းကုန်သွယ်နိုင်မည့် စီးပွားရေးဇုန်အဖြစ် သတ်မှတ်လိုက်သည်ဟု အမည်မဖော်လိုသူ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးက မဇ္စျိမကိုပြောသည်။
မောင်တောမြို့၏ မြောက်ဘက် နှစ်မိုင်ခန့် အကွာရှိ ကညင်ချောင်းရေနက်ဆိပ်ကမ်းအနီး မြေဧက ၅၀ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၄ နှစ်ကုန်တွင် စတင်နိုင်ရန် လျာထားသည် ဟု ၎င်းကပြောသည်။
“အဓိက ကတော့ ဒီဘက်ကထုတ်ကုန်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ ဖလှယ်နိုင်ဖို့အတွက် ဖြစ်ပါတယ်၊ ဒီဘက်က ရခိုင်လုပ်ငန်းရှင်တွေရော၊ ဘင်္ဂါလီလုပ်ငန်းရှင်တွေရော ပူးပေါင်းရင်းနှီးမြုပ်နှံကြမယ်”ဟု ၎င်းကပြောသည်။
မောင်တော ကုန်သွယ်ရေးဇုံကို ငွေကျပ်သိန်းပေါင်း တစ်သောင်းရင်နှီးမြုပ်နှံရန် လျာထားပြီး ပြည်နယ် အစိုးရက ငွေကျပ်သိန်းပေါင်း ခြောက်ထောင်ရင်းနှီးမြုပ်နှံကာ စီးပွားရေး လုပ်ငန်းရှင်များ က ငွေကျပ်သိန်းပေါင်း လေးထောင်ရင်းနှစ်မြုပ်နှံရန် စီစဉ်ထားသည်။
“အဓိက ကပူးပေါင်းလုပ်ကိုင်စေချင်တာ”ဟု ပြည်နယ်ဝန်ကြီးကပြောသည်။
၂၀၁၂ ခုနှစ်မှစ၍ လူမျိုရေးဘာသာရေးဆန်သည့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အချို့ပြန်လည်ဖြစ်ထွန်းနေပြီဟု အစ္စလာမ်ဘာသာ ၀င်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးလှသိန်းကဆိုသည်။
ထိုသို့ တည်ဆောက်ရန် စီစဉ်နေခြင်းနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်ဦးစံတင်က “ပူးပေါင်းဆောင်ရွက်ဖို့ က စိုးရိမ်းစရာအနေအထားဖြစ်ပါတယ်၊ တရားဥပဒေစိုးမိုးဖို့လိုပါတယ်”ဟု ဆိုသည်။
မောင်တော ကုန်သွယ်ရေးဇုန် တည်ထောင်ရန် သမ္မတရုံးဝန်ကြီးများ မေလအတွင်း ရခိုင်ပြည်နယ် သို့ရောက်ရှိစဉ် နှစ်ဖက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စီစဉ်ခဲ့ခြင်းဖြစ်သည်။