ရခိုင်ကမ်းရိုးတန်းတွင် သီရိလင်္ကာ ငါးဖမ်းစက်လှ သုံစီးဖမ်းမိ

ရခိုင်ကမ်းရိုးတန်းတွင် သီရိလင်္ကာ ငါးဖမ်းစက်လှ သုံစီးဖမ်းမိ
by -
မဇ္စျိမ

ရခိုင်ကမ်းရိုးတန်းသို့ တရားမဝင် ရောက်ရှိလာသော သီရိလင်္ကာ ငါးဖမ်းစက်လှသုံးစီးနှင့် လူ ၁၆ ဦးကို ရခိုင်ပြည်နယ် ကင်းလှည့်ရေယဉ်များက ဖမ်းစီးရမိခဲ့သည်ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူက အောက်တိုဘာ ၁၁ ရက်က မဇ္စျိမကို ပြောသည်။

ကျောက်ဖြူ မြို့နယ် အနောက်ဘက် ၁၂၅ မိုင် အကွာရှိ မြန်မာရေပိုင်နက်အတွင်း အောက်တိုဘာ ၆ ရက်က ဖမ်းဆီးရမိခြင်းဖြစ်ပြီး ငါးဖမ်းကရိယာများနှင့် ရေထွက်ပစ္စည်းများ လှေပေါ်တွင်ပါဝင်သည်ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဒု-ဦးစီးမှူး ဦးစံကျော်လှ က ပြောသည်။

“တရားမဝင် ကမ်းဝေးငါးခိုးဖမ်းမှုပါ ငါးလုပ်ငန်းဦးစီးဌာက အမှုကို စစ်ဆေးနေပါတယ်” ဟု မဇ္စျိမကိုပြောသည်။

သီရိလင်္ကာ၊ ထိုင်း နှင့် အခြားသော နိုင်ငံများမှ ကမ်းဝေးငါးဖမ်းရေယဉ်များ မြန်မာ့ရေပိုင်နက် အတွင်း တရားမဝင် ဝင်ရောက်ကာ ငါးဖမ်းမှုများကြောင့် ရေသယံဇာတများ ဆုံးရှုံးလာပြီး ကမ်းနီးလုပ်ကိုင်သူများ ခက်ခဲလာသည်ဟု ကျောက်တော်မြို့နယ် ကမ်းနီးလုပ်ငန်းလုပ်ကိုင်သူ ဦးတင်လှကပြောသည်။

“ သူများနိုင်ငံက ကမ်းဝေးယဉ်တွေက ခေတ်မှီပစ္စည်းတွေက ရေပေါ်ရေအောက် အကုန်ပါအောင်လုပ်သွားတော့ ငါးမျိုးစိတ်တွေ၊ရေညှိရေမှော်တွေက အစ အကုန်ပျက်စီးကုန်တယ်” ဟု ဦးတင်လှကဆိုသည်။

အဆိုပါ အမှုကို ကျောက်ဖြူ ခရိုင် ငါးလုပ်ငန်းဦးစီဌာနက နိုင်ငံခြားငါးဖမ်းရေယဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေတို့အရ စစ်ဆေးကာ ကျောက်ဖြူတရားရုံးတွင် တရားစွဲဆို အမှုဖွင့်ထားသည်ဟု ဆိုသည်။