ထားဝယ် လယ်သမားများ လျှော့ရက် ၆ ရက်ရကာ ပြန်လွတ်လာပြီ

ထားဝယ် လယ်သမားများ လျှော့ရက် ၆ ရက်ရကာ ပြန်လွတ်လာပြီ
by -
မဇ္စျိမ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် မြေယာအလျော် မယူသည့်အတွက် ထောင်ကျခဲ့သော လယ်သမား ၁၀ ဦးအနက် ၈ ဦးမှာ အောက်တိုဘာ ၁၀ ရက်က ပြန်လည်လွတ်လာပြီဟု လယ်သမား မရွှေဇင်ယုက မဇ္စျိမကို ပြောသည်။

လွတ်ရန်ကျန်နေသည့် လယ်သမားနှစ်ဦးအနက် ထောင် ၆ လနှင့် ၁၅ရ က် ကျသည့် ဦးသောင်းညွှန့်မှာမူ မည်သည့်ရက်တွင် လွတ်မည်ကို မသိရသေးဘဲ၊ ၃ လနှင် ၁၅ ရက် ကျသည့် ဦးကြူလွင်မှာမူ ယခုလ ၂၇ ရက်တွင် လွတ်မည်ဖြစ်ကြောင်း တစ်လအတွင်း လွှတ်ပေးမည့် စာရင်းတွင် တွေ့ရှိခဲ့သည်ကို အောက်တိုဘာ ၁၀ရက်က ပြန်လည်လွတ်လာသည့် လယ်သမား ဦးထွန်းထွန်းဝင်းက မဇ္စျိမကို ပြောသည်။

Dawei-Farmer

"ကျွန်တော်တို့ကို လကုန်တုန်းက အကျဉ်းထောင်မှူးက ခေါ်တွေ့တယ် ၂ ရက် သူလျှော့ရက်ပေးမယ်။ အကျဉ်းဦးစီးမှူးက ၄ ရက်လျှော့ပေးမယ် ဆိုတော့ စုစုပေါင်း ၆ ရက်လျှော့ပြီး ထောင်ကလွှတ်ပေးတယ်။ ဘာကြောင့် လျှော့ရက်နဲ့ လွှတ်ပေးတာကိုတော့ သူတို့မပြောဘူး" ဟု ယင်းကဆိုသည်။

ထားဝယ်မြို့နယ်၊ ဆန်ချီရပ်ကွက်ရှိ လယ်သိမ်းဆည်းခံ လယ်သမား အယောက် ၂၀ ကို မြေစာရင်းဦးစီးဌာနက ၃ ဧကလျင် ပေ ၄၀×၆၀ တစ်ကွက်နှုန်းဖြင့် ဇွန်လ ၃ ရက်က မြေယာလျော်ကြေးပေးရာ တစ်ဦးသာ လက်ခံခဲ့ပြီး ကျန်လယ်သမား ၁၉ ဦးက လက်မခံဘဲ ဒေသအာဏာပိုင်များနှင့် အချင်းများခဲ့သည့်အတွက် သက်သေခံပစ္စည်း ဖျောက်ဖျက်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ဆဲဆိုမှု၊ နာကျင်စေမှု၊ ပူးပေါင်းပါဝင်မှု စသည့် ပုဒ်မ ၃၃၂၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၂၀၁၊ ပုဒ်မ ၁၁၄ တို့ဖြင့် ထားဝယ်ခရိုင် ရဲစခန်းတွင် အမှုဖွင့်ထားကာ ဇူလိုင်လ ၁၆ ရက်က  အမိန့်ချခဲ့ခြင်း ဖြစ်သည်။

လယ်သမား ၁၉ ဦး အနက် အမျိုးသမီး ၉ ဦးအား ငွေအဏ်ပေးဆောင်စေ၍ ကျန်လယ်သမား ၁၀ ဦးကို ထောင်ဒဏ် ၃ လမှ ၆ လ အတွင်းအသီးသီး ကျစေခဲ့သည်။

ထားဝယ်မြို့ ဆန်ချီရပ်ကွက်က လယ်သမားများသည် ယင်းမြေကွက်များပေါ်တွင် လယ်ခွန်ပြေစာများဖြင့် နှစ်စဉ် အခွန်ဆောင်၍ လုပ်ကိုင်နေကြပြီး၊ ၂၀၁၃ ခုနှစ်တွင် လယ်ယာမှတ်ပုံအသစ် တင်မည်ဟု မြေစာရင်းဌာနသို့ သွားရောက်မှတ်ပုံတင်မှသာ မိမိတို့လယ်မြေများကို ၁၉၉၀ ခုနှစ်က ကတည်းက သိမ်းဆည်းထားကို သိရှိခဲ့ရသည်ဟု လယ်သမားများက ဆိုသည်။

Most read this week