ကရင်အမျိုးသားအစည်းအရုံး (KNU)က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်အဖြစ်မှ ဆက်လက် ပါဝင်ရေး၊ မပါဝင်ရေး ဆုံးဖြတ်မည့် KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၂၃ ရက်တွင် ကျင်းပမည် ဖြစ်သည်။
KNU တပ်မဟာ ရ နယ်မြေ ဘာအံခရိုင် လော်ခီးလာတွင် အနည်းဆုံး သုံးရက်ကြာ ကျင်းပ၍ KNU ၏ တပ်မဟာ၊ ခရိုင်များမှ ဗဟိုအမြဲတမ်းကော်မတီဝင် ၄၇ ဦး တက်ရောက်မည်ဟု KNU ၏ အတွင်းအရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။
“အနည်းဆုံး သုံးရက်လောက်တော့ ရှိမှာပါ။ ခရိုင်တွေအားလုံး ဗဟိုကော်မတီဝင်တွေ အကုန်လုံး တက်မှာပေါ့။ ဆွေးနွေးမှာက နိုင်ငံရေးကိစ္စ ဆွေးနွေးမယ်။ နောက်တစ်ခု UNFC ကိစ္စ ခေါင်းစဉ် တခုပါဝင်မယ်”ဟု သူက မဇ္စျိကို ပြောသည်။
UNFC တွင် အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရေး၊ မပါဝင်ရေးကို ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။
“ဒါက ကေအန်ယူ ဗဟိုကော်မတီရဲ့ အမြင့်ဆုံး တာဝန်ရှိတယ်ဆိုတော့ တစ်ဦးချင်းရဲ့ သုံးသပ်မှုနဲ့ တစ်ဦးချင်းရဲ့ ဆုံးဖြတ်မှုအပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ အဖြေရမှာပေါ့။ ကျွန်တော်တို့ အဖွဲ့အစည်းက ဒီမိုကရက်တစ် အဖွဲ့အစည်းဆိုတော့ အများသဘောတူညီမှုကို လိုက်နာရမှာပေါ့”ဟု သူက ပြောသည်။
UNFC ညီလာခံတွင် ဗဟိုချုပ်ကိုင်မှုနည်းသော အုပ်ချုပ်ပုံကို KNU က တင်ပြဆွေးနွေးခဲ့သည်ဟု မဟာမိတ် အဖွဲ့ဝင်များက လက်မခံသဖြင့် KNU ကိုယ်စားလှယ်များ ညီလာခံမှ နုတ်ထွက်ခဲ့သည်။
ထို့နောက် ဥက္ကဋ္ဌ မူတူးစေးဖူးက UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီနုတ်ထွက်ကြောင်းနှင့် ဆက်လက် ပါဝင်ရေး၊ မပါဝင်ရေးကို ဗဟိုကော်မတီအစည်းအဝေး ကျင်းပ၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်က စာပေးပို့ခဲ့သည်။
UNFC ကလည်း အဖွဲ့ဝင်အဖြစ် ပြန်လည် ဝင်ရောက်ရန် လိုလားနေပြီး UNFC ၏ ဒုတိယခေါင်းဆောင် နေရာနှင့် အဖွဲ့ဝင်တစ်ဦးနေရာတို့တွင် KNU အတွက် လျာထားပေးထားသည်။