အကြမ်းဖက်အဖွဲ့ဝင်ဟု သံသယရှိသူ ၂၀ ဦး မြန်မာနိုင်ငံသားများဖြစ်

အကြမ်းဖက်အဖွဲ့ဝင်ဟု သံသယရှိသူ ၂၀ ဦး မြန်မာနိုင်ငံသားများဖြစ်
by -
မဇ္စျိမ

ေတောင်ကြီးမြို့တွင် ဖမ်းမိထားသော နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၂၀ ဦးစလုံးမှာ မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူများဖြစ်သည်ဟု စွပ်စွဲခံရသူများဖက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက အောက်တိုဘာ ၉ ရက်တွင် မဇ္စျိမကို ပြောသည်။

အသေးစိတ်အချက်အလက်များ ထုတ်ဖော်ပြောဆိုရန်ကိုမူ ယင်းသို့ ဖမ်းဆီးရမိထားကြောင်း အတည်ပြုချက် ပေးသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံ ဖြတ်ကျော် မှုခင်းဌာနမှူး ရဲမှူးချုပ် စိုးမြိုင်နှင့် တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်မိုးမိုးတို့က ငြင်းဆိုသည်။

“တရားစီရင်မှု မပြီးသေးခင်မှာ လွတ်လပ်စွာတရား စီရင်ရေးကို ထိခိုက်နိုင်တဲ့ အမှုစစ်ဆေးနေတဲ့ အကြောင်း အချက်တွေကို ထုတ်ဖော်ပြောခွင့်မရှိဘူး”ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။ အောက်တိုဘာ ၉ ရက်တွင် ယင်းသတင်းကို အတည်ပြုပေးခဲ့သော ရဲမှူးချုပ်စိုးမြိုင်ကလည်း ၎င်းတို့ မည်သည့်အဖွဲ့အစည်းဝင်ဆိုသည်နှင့် ဖြစ်စဉ်များကို စစ်ဆေးနေဆဲဖြစ်၍ မထုတ်ပြန်နိုင်သေးဟု ပြောထားသည်။

၎င်းတို့ကို အရေးပေါ် စီမံမှုအက်ဥပဒေဆိုင်ရာ ပုဒ်မ ၅ ည၊ ပေါက်ကွဲစေတတ်သော လက်နက်နှင့် အခြားသူများကို သိမ်းသွင်းစည်းရုံးခြင်း ဆိုင်ရာ ပုဒ်မ ၅ ဌ တို့ဖြင့် တရားစွဲဆိုထားသည်ဟု ဒေါ်ခင်မိုးမိုး ကပြောသည်။

ဖမ်းဆီးရမိချိန်ကို ရဲမှူးချုပ်က အောက်တိုဘာ အစောပိုင်းဟု ပြောသော်လည်း ဒေါ်ခင်မိုးမိုးကမူ သြဂုတ် ၅ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် ထိန်းသိမ်းလိုက်ခြင်းဟု ဆိုသည်။

ဖမ်းဆီးခံထားရသူများသည် တောင်ကြီးမြို့နေ ၁၃ ဦး၊ ကျောက်ဆည်မြို့ လက်ပံကျေးရွာနေ ၆ ဦး၊ နေပြည်တော်မှ ၁ ဦးတို့ဖြစ်ပြီး တောင်ကြီးမြို့မ ရဲစခန်းက အမှုဖွင့်ထားကာ မြို့နယ်တရားရုံးတွင် စစ်ဆေးမှု ခုနှစ်ကြိမ် ပြုလုပ်ပြီးပြီဟု ဒေါ်ခင်မိုးမိုးကပြောသည်။

နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)က ကမ္ဘာတစ်ဝှမ်းတွင် အိုင်အက်စ် အဖွဲ့နှင့် ဆက်နွယ်မှုရှိသူ ရ၈၁ ဦးရှိပြီး ယင်းမှ ရ၀ ကျော်သည် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည်ဟု ခန့်မှန်းထားကြောင်း ရဲမှူးချုပ် စိုးမြိုင်က မဇ္စျိမကို ပြောထားသည်။

ယင်းမတိုင်မီ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ဖြတ်ကျော်ဝင်ရောက်ခဲ့သူများကိုလည်း ဖမ်းဆီးရမိခဲ့ပြီး စိစစ်မှုအရ အာအက်စ်အို အဖွဲ့ဝင်များဖြစ်သည်ဟု ရဲမှူးချုပ်က အတည်ပြုသည်။

နိုင်ငံတကာ သတင်းအချက်အလက်ဖလှယ်မှုများကို အခြေခံ၍ ပြည်တွင်းနှင့် နယ်စပ်ရှိ နိုင်ငံတကာ ဝင်ထွက် ပေါက်များ လုံခြံုရေးကို ယခင်ထက် ပိုမိုတိုးမြှင့်တားသည်ဟု ၎င်းက ပြောသည်။

အယ်လ်ခိုင်ဒါကလည်း အိန္ဒိယနိုင်ငံတွင် ဂိုဏ်းခွဲဖွင့်ကာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ဆောင်ရွက် သွား မည်ဟု စက်တင်ဘာ ၃ ရက်က ကြေညာထားသည်။

Most read this week