မော်လမြိုင်တွင် နောက်ထပ် ဗုံးတစ်လုံး ပေါက်ကွဲ

မော်လမြိုင်တွင် နောက်ထပ် ဗုံးတစ်လုံး ပေါက်ကွဲ
by -
ပနွတ်ကျား
ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခန့်တွင် မော်လမြိုင်မြို့ နှစ်နေရာ၌ မိနစ်ခြား ဗုံးနှစ်လုံး ပေါက်ကွဲမှု  ဖြစ်ပွားပြီးနောက် ညနေပိုင်း ၆ နာရီကျော်တွင် နောက်ထပ်ဗုံးတစ်လုံး ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ တတိယအကြိမ် ဗုံးပေါက်ကွဲမှုမှာ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ ...

ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခန့်တွင် မော်လမြိုင်မြို့ နှစ်နေရာ၌ မိနစ်ခြား ဗုံးနှစ်လုံး ပေါက်ကွဲမှု  ဖြစ်ပွားပြီးနောက် ညနေပိုင်း ၆ နာရီကျော်တွင် နောက်ထပ်ဗုံးတစ်လုံး ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ တတိယအကြိမ် ဗုံးပေါက်ကွဲမှုမှာ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည်ဟု စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထား သည်။

တတိယအကြိမ် ဗုံးပေါက်ကွဲမှုသည် မရန်းကုန်းရပ်ကွက် အထက်လမ်းမကြီး မိန်းကလေးကျောင်းလမ်းသွယ် (မဂ္ဂင်လမ်း) တွင် ဖြစ်ပွားခဲ့သည်။ မော်လမြိုင်မြို့၌ တစ်ရက်အတွင်း ဗုံးသုံးလုံး ပေါက်ကွဲသွားခြင်း ဖြစ်သည်။

“ညနေပိုင်းမှာ စည်ပင်ရုံးချုပ်အနီးမှာ ထပ်ပေါက်တယ်။ ဒါပေမယ့် နဲနဲတော့ လှမ်းတယ်။ ပေါက်ပြီး ခဏကြာတော့ ရဲတွေ ရောက်လာတယ်၊ ဖြစ်ဖြစ်ချင်း နဲနဲတော့ ရှုပ်သွားတယ်၊ အခုတော့အေးဆေးပဲ” ဟု ၄င်းရပ်ကွက်ခံက ပြောသည်။

တစ်နေ့တည်းတွင် ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် ယနေ့တွင် မြို့ပြင်ရှိ ဂိတ်များတွင် လုံခြုံရေး အများအပြား ချထားခဲ့သည်။

“အခု မော်လမြိုင်မြို့ပြင် ဖားအောက်ရိုးဂိုး ဂိတ်တွေမှာ ရဲတွေတောင် မကဘူး၊ ရဲမေတွေပါ အယောက် ၃ဝ လောက် စောင့်ပြီး မော်တော်ကား ဆိုင်ကယ်နဲ့ ခရီးသွားတွေကို စစ်ဆေးနေတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

မြို့ပြင်ရှိ သံလွင်တံတားဂိတ်နှင့် အတ္တရံတံတားဘက်တွင်လည်း ရဲများနှင့် စစ်သားများပါ စောင့်ကြပ်စစ်ဆေးနေသည်။ လုံခြုံရေးကို ယခင်က အခြေအနေထက် ပို၍ တိုးမြှင့် စစ်ဆေးနေသည်ဟု ၄င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ပေါက်ကွဲမှုသည် အကြမ်းဖက်သမားများက မြို့ကြီးဖြစ်သော နေပြည်တော်၊ ရန် ကုန်၊ မန္တလေးစသည့် မြို့များကို ပေါက်ကွဲမှုများ ပြုလုပ်ရန် ဖောက်ခွဲရေးသမားများကို စေလွှတ်ပြီး ပြည်သူလူထုကို သေကြေပျက်စီးရန်နှင့် အထိတ်တလန့် ဖြစ်စေသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။

ပြီးခဲ့သော တနင်္ဂနွေနေ့တွင် နေပြည်တော် ပျဉ်းမနားဘူတာရုံတွင် ရပ်ထားသော ရထား တွဲပေါ်ရှိ အိမ်သာအမိုးပေါ်တွင် မပေါက်ကွဲသေးသော ချိန်ကိုက်ဗုံးတစ်လုံးကို တွေ့ရှိခဲ့ရာ ပြည်ပအခြေစိုက် ဒီမိုကရက်တစ်အင်အားစု အက်ဖ်ဒီဘီ၏ လက်ချက်ဖြစ်ကြောင်း နအဖမှ စွဲစွပ်ခဲ့သည်ဟု ဒီဗီဘီသတင်းတွင် ဖော်ပြထားသည်။

Most read this week