ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံး B4 ရဟတ်ယာဉ်နှင့်အတူ လိုက်ပါသွားသည့် မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးမှာ တောတွင်းတစ်နေရာတွင် ကွယ်လွန်နေသည်ကို အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီက ထူးဖောင်ဒေးရှင်း၏ ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္စျိမကို ပြောသည်။
တောတွင်း တစ်နေရာတွင် ၎င်းရှိနေသည်ဟု ထုတ်ပြန်ထားသည့် ဂူ၏ အနီးတစ်ဝိုက်တွင် အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းအား ရန်ကုန်သို့ ပြန်သယ်မည် မသယ်မည်ကိုမူ မိသားစုဆန္ဒရယူပြီးမှ ဆုံးဖြတ်မည်ဟု ၎င်းက ပြောသည်။ ဦးအောင်မြတ်တိုး၏ မိသားစုများမှာ ပူတာအိုတွင် ရောက်ရှိနေပြီ ဖြစ်သည်။
သေဆုံးသူနှင့် ပတ်သက်၍ အလောင်းတွေ့ရှိသည့် အချိန်ကိုသာ ပြောဆိုထားပြီး အခြားအသေးစိတ်ကိုမူ မသိရှိရသေးပေ။
B4 ရဟတ်ယာဉ်ပေါ်တွင် ဦးအောင်မြတ်တိုးနှင့်အတူ ထိုင်းလေယာဉ်မှူး Mr.Chat Chawal နှင့် ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ရွှေရင်တော်ကြီးတို့ လိုက်ပါသွားခဲ့ပြီး ရွှေရင်တော်ကြီးကို အောက်တိုဘာ ရ ရက် ညနေက တွေ့ရှိခဲ့ပြီး ထိုင်းလေယာဉ်မှူးကိုမူ အောက်တိုဘာ ၈ ရက်တွင် တွေ့ရှိခဲ့သည်။
ထိုင်းလေယာဉ်မှူးမှာ မီးလောင်ဒဏ်ရာ ရရှိထားသဖြင့် ရန်ကုန်ရှိ ဝိတိုရိယဆေးရုံသို့ ညတွင်းချင်း ခေါ်လာကာ ဆေးကုသပေးလျက်ရှိသည်။ ယင်းအပြင် Mr.Chat Chawal ၏ မိသားစုဆန္ဒအရ ဘန်ကောက်ဆေးရုံသို့ ပြန်လည်ခေါ်ဆောင်သွားကာ ဆေးကုသမည်ဟုလည်း ဦးဖြိုးကိုကိုသက်က ပြောသည်။ သို့သော် ဘန်ကောက်သို့ သွားမည်ရက်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
"မနေ့က ဝိတိုရိယဆေးရုံကို ရောက်နေတယ်။ အခု သူ့မိသားစုနဲ့ ရှိနေတယ်။ သူ့မိသားစု ဆန္ဒအရ ဘန်ကောက် ဆေးရုံ တက်ချင်တယ်ဆို စီစဉ်ပေးထားပါတယ်။
ကျန်းမာရေးစောက်ရှောက်မှု လေယာဉ်ကို စီစဉ်ပေးထားတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး၊ စကားပြောနိုင်တယ်" ဟု ယင်းကဆိုသည်။
B4 ရဟတ်ယာဉ်မှာ ခါကာဘိုရာဇီတောင်တွင် ပျောက်နေသည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေသည့်အဖွဲ့အား ရိက္ခာသွားပို့ရင်း စက်တင်ဘာ ၂၇ ရက်တွင် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးအား ရှာဖွေသည့်လုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းထားပြီး လာမည့် ပွင့်လင်းရာသီ ရောက်မှသာ ဆက်လက်ရှာဖွေမည်ဟု ဦးတေဇက အောက်တိုဘာ ၅ ရက်က ကြေငြာထားသည်။ ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်၍မူ ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ခါကာဘိုရာဇီ တောင်ထိပ်အထိ တက်ခဲ့သည့် တောင်တက်သမား နှစ်ဦးမှာ သြဂုတ်လ ၃၁ ရက်မှ စတင်ကာ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။