အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၂၀ ဦး တောင်ကြီးတွင် ထိန်းသိမ်းထား

အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၂၀ ဦး တောင်ကြီးတွင် ထိန်းသိမ်းထား
by -
မဇ္စျိမ

အကြမ်းဖက်အဖွဲ့များဖြစ်သည့် အိုင်အက်၊ အယ်ကိုင်ဒါ အဖွဲ့များနှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၂၀ ဦးကို ထိန်းသိမ်းကာ စစ်ဆေးနေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်း ဌာနမှုး ရဲမှူးချုပ် စိုးမြိုင်က အောက်တိုဘာ ၉ ရက်တွင် မဇ္စျိမကိုပြောသည်။

"ကျွန်တော်တို့ အခုထိန်းသိမ်းပြီး စစ်ဆေးနေတဲ့အချိန်မှာ ဘယ်အဖွဲ့နဲ့ ဘယ်လိုဆက်နွယ်မှု ရှိတယ်ဆိုတာ ကိုတော့ မပြောနိုင်သေးပါဘူး၊ စစ်ဆေးမှုတွေ အတည်ပြုပြီးသွားရင်တော့ တာဝန်ရှိသူတွေကတစ်ဆင့် ရှင်းလင်းသွားပါမယ်" ဟု ရဲမှူးချုပ်က ဆိုသည်။

အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၂၀ ဦးကို အောက်တိုဘာလ အစောပိုင်းအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အောက်တိုဘာလ ၄ ရက်က မိုင်းပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းနှင့်ဆက်စပ် သည့် တရားခံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲသာဖြစ်သည်ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးက ဆိုထားသည်။

ယင်းမတိုင်မီ မောင်တောင်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သူများကိုလည်း ဖမ်းဆီးရမိခဲ့ပြီး စိစစ်မှုအရ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ဝင်များဖြစ်သည်ဟု စစ်ဆေးအတည်ပြုခဲ့ကြောင်း ဦးစိုးမြိုင်က ပြောသည်။

နိုင်ငံတကာ သတင်းအချက်အလက် ဖလှယ်မှုမှ ရထားသည့် သတင်းအရ အကြမ်းဖက်မှုများ တားဆီးနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ပြည်တွင်းရှိ နိုင်ငံတကာ ဝင်ထွက်ပေါက်များ၊ နယ်စပ်ဝင်ထွက်ပေါက်များကို ယခင်ထက် လုံခြံုရေး တိုးမြှင့်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံတကာတွင် အိုက်အက်နှင့် ဆက်နွယ်မှုရှိသူ ရ၈၁ ဦးအထိရှိပြီး ယင်းမှ ရ၀ ကျော်သည် မြန်မာနိုင်ငံအတွင်းမှ ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။