၁၉၄၈ ခုနှစ်တွင် ပြဋ္ဌာန်းသည့် ချင်းဝိသေသတိုင်း ဥပဒေပါ ပုဒ်မအချို့မှာ ခေတ်နှင့် မလျော်ညီဘဲ အမျိုးသမီးတို့ကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် ပြင်ဆင်ရမည်ဟု ချင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အချို့က သဘောတူညီခဲ့သည်။
၎င်းတို့က အောက်တိုဘာ ၈ ရက်တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေး ရှင်းရုံး၌ ချင်းဝိသေသတိုင်း ဥပဒေကို ခေတ်နှင့်အညီဖြစ်ရေး ပြင်ဆင်ရန် ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ချင်းတိုင်းရင်းသား ဥပဒေပညာရှင်များ၊ ချင်းတိုင်းရင်းသား ပါတီကိုယ်စားလှယ်များ၊ ချင်းအမျိုးသမီးအဖွဲ့မှ ကိုယ်စားလှယ်တို့ ပါဝင်သည်။ အဆိုပါ ဥပဒေအရ ချင်းအမျိုးသမီးများသည် မိဘအမွေရပိုင်ခွင့် မရှိခြင်း၊ မျိုးနွယ်စုအလိုက် ခရီးသွားရာတွင် အထုပ်အပိုးများကို အမျိုးသမီးများကသာ ထမ်းပိုးရခြင်း၊ အမျိုးသမီးများအား ထိမ်းမြားခွင့်ရရန် တင်တောင်းရာတွင် မြန်မာ ငွေလေးကျပ်သာ ယခုအချိန်ထိ သတ်မှတ်ထားခြင်း၊ မျိုးနွယ်စုအချို့တွင် အိမ်ထောင်သည် အမျိုးသမီးများမှာ ယောကျာ်းဖြစ်သူ သေဆုံးပါက အိမ်ပိုင်ဆိုင်ခွင့် မရှိခြင်းစသည်တို့ ပါဝင်နေသည်ဟု ချင်းတိုင်းရင်းသား ရှေ့နေ ဆလိုင်းထန်ကျံုးက ဆိုသည်။
ချင်းသမိုင်းနှင့် ယဉ်ကျေးမှု သင်တန်းကျောင်းမှ သင်တန်းဆရာ ဆလိုင်းနောစော်ကလည်း "ချင်း အမျိုးသမီး တစ်ယောက်မှာ နစ်နာမှုတွေရှိသလို အားသာချက်တွေလည်း ရှိပါတယ" ဟု ဆိုသည်။
ချင်းအမျိုးသမီးများသည် အရွယ်ရောက်လျှင် ကြင်ဖော်အား မိမိနှစ်သက် ရာရွေးချယ်ခွင့်ရှိခြင်း၊ မကြိုက်ပါက ထွက်သွားရန် ပြောဆိုနိုင်ပြီး တစ်ဖက်က မလိုက်နာပါက ပြောဆိုရိုက်ပုတ်နိုင်ခြင်း စသည့် အချက်များလည်း ထိုဥပဒေတွင် ပါရှိသည်။
အမျိုးသမီးများနှင့် သက်ဆိုင်သည့် ပုဒ်မများအပြင် ခေတ်နှင့် မလျော်ညီတော့သည့် အခြားအချက်များ ပြင်ဆင်နိုင်ရန်လည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။
ယခုအခါ ချင်းဝိသေသတိုင်း အမည်ကို အသုံးမပြုတော့သဖြင့် ချင်းပြည်နယ်ဟု ပြန်လည် ပြင်ဆင်ရမည်ဟူ၍ အကြံပေးမှုများလည်း ရှိသည်။
ချင်းဝိသေသတိုင်း ဥပဒေပါ ပုဒ်မအချို့မှာ ပြည်ထောင်စုအဖြစ် ဥပဒေပြဋ္ဌာန်းသည့်အခါ ပျောက်ကွယ်သွား သည်များလည်း ရှိသည်ဟု ဆလိုင်းထန်ကျံုးက ဆိုသည်။
"မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပုဒ်မတွေပါတယ်။ ဒါပေမယ့် ပြည်မက ယစ်မျိုးခွန် ဥပဒေမျိုး ပြဋ္ဌာန်းလာတော့ ချင်းဥပဒေကို မသုံးတော့ဘူး" ဟုလည်း ဆိုသည်။
သို့ရာတွင် ချင်းဝိသေသတိုင်း ဥပဒေမှာ ချင်းတိုင်းရင်းသားတို့အား အကာအကွယ်များစွာ ပေးခဲ့ခြင်းလည်း ရှိသည်ဟုဆိုသည်။ ယင်းဥပဒေတွင် လက်နက်ကိုင်ဆောင်မှုကို အရေးယူသည့် ပုဒ်မမျိုးမရှိခြင်း၊ လူသတ်မှုတွင် ရပ်ရွာ လူကြီးနှင့် ထုံးတမ်းဓလေ့အလိုက် ဆောင်ရွက်လျှင် သက်သာရာရခြင်း စသည့်အချက်များလည်း ရှိနေသည်။
ချင်းမျိုးနွယ်စု အသီးသီးတို့၏ အယူဝါဒ၊ ဓလေ့တို့ ကွဲပြားသဖြင့် ထပ်မံဆွေးနွေးမှုများ ပြုလုပ်သွားဦးမည်ဟု ဆွေးနွေးပွဲ တက်ရောက်သူတို့က သဘောတူကြသည်။ ဥပဒေပါ အချက်များ ပြင်ဆင်ပြီးစီးပါက ပြည်နယ် လွှတ်တော်သို့ တင်ပြမည်ဟုလည်း ၎င်းတို့က ဆိုသည်။