ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလ ဆိပ်ခံတံတား နိုဝင်ဘာလကုန်တွင် အပြီးသတ်ဖွင့်နိုင်ရန် ရည်ရွယ်ထားဟုဆို

ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလ ဆိပ်ခံတံတား နိုဝင်ဘာလကုန်တွင် အပြီးသတ်ဖွင့်နိုင်ရန် ရည်ရွယ်ထားဟုဆို
by -
မဇ္စျိမ

ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလဆိပ်ခံတံတားကို နိုဝင်ဘာလကုန်တွင် ဖွင့်နိုင်ရန် ရည်ရွယ်ထား သည်ဟု ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပြန်ကြားရေးတာဝန်ခံ မတင်ဇာအောင်က မဇ္စျိမကို ပြောသည်။

“စီမံကိန်းက  စတော့စနေပြီ။ နိုဝင်ဘာလကုန်မှာ ဖွင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အဓိက ကတော့ ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် အခမဲ့ကူညီပေးတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

ဆိပ်ခံတံတားသည် ဒလဆိပ်နှင့် ပန်းဆိုးတန်းဆိပ်မှ ခရီးသည်များအတွက် တစ်ခုတည်းသာ အသုံးပြုနေရ သောကြောင့် ခရီးသည်များ သွားလာရာတွင် အချိန်ကြန့်ခြင်း၊ ဆိပ်ခံမှာလည်း သက်တမ်းကြာမြင့်ပြီဖြစ်ရာ အန္တရာယ်ရှိသဖြင့် တံတားသစ်ဆောက်ပေးရန် ဂျပန်နိုင်ငံက အခမဲ့ ကူညီခဲ့ခြင်းဖြစ်သည်။

ဒလမြို့ဒေသခံ ကိုချစ်မင်းက “ဆိပ်ခံတံတားက ဒလဘက်အခြမ်းမှာ ပဲတည်ဆောက်နေတာတော့ တွေ့တယ်။ သင်္ဘောတွေ အများကြီးနဲ့ ခရီးသည်တွေအားလုံးက လက်ရှိ ဆိပ်ခံတံတားဟောင်း ကြီးမှာပဲ အဝင်အထွက် လုပ်ကြတော့ လူနဲ့ တံတားနဲ့ မမျှတဲ့ အတွက် အန္တရာယ်တော်တော်ရှိတယ်။ ဒါ့ကြောင့် ဆိပ်ခံတံတား သစ်ဆောက်ပြီး ရင်တော့ တော်တော်လေး အဆင်ပြေသွားမယ်လို့ ထင်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ဂျပန်နိုင်ငံမှ ပန်းဆိုးတန်း-ဒလ ခရီးစဉ် ပြေးဆွဲရန် အတွက် တစ်စီးလျှင် အမေရိကန် ဒေါ်လာ လေးသန်း (ကျပ်သန်း ၄၀၀၀ ခန့်) တန်ဖိုးရှိ လူ ၁၀ဝဝ ဆံ့ ကူးတို့ ရေယာဉ် သုံးစင်းကိုလည်း ကူညီပေးအပ်ခဲ့သကဲ့သို့ ခရီးသည်နားနေဆောင်များလည်း ပါဝင်မည်ဖြစ်သည်။

Most read this week