ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေလိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေလိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်
by -
မဇ္စျိမ

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးရန် လိုသည့် အချက်များကို ဘန်ကောက်မြို့၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား သုံးသန်းခန့်ရှိနေသည့်အနက် ၁ ဒသမ ရ သန်းသည် ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီး လေးသိန်းခွဲခန့်မှာ ထိုင်းနိုင်ငံမှ ထုတ်ပေးသော ယာယီနိုင်ငံကူး လက်မှတ် (ပန်းရောင်ကဒ်) များရရှိထားကာ အထောက်အထားမရှိသူ ငါးသိန်းထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

MWRN ၏ တိုက်တွန်းချက်တွင် မြန်မာအစိုးရအနေဖြင့် ပုံမှန်နိုင်ငံကူးလက်မှတ်လုပ် ဆောင်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး မူလကိုင်ဆောင်နေသော ယာယီနိုင်ငံကူးလက်မှတ် ကိုသာ လုံလောက်သောသက်တမ်း တိုးပေးရန်နှင့် လွယ်ကူမြန်ဆန် သော ဗီဇာသက်တမ်း တိုးမှု အစီအစဉ်များ ချမှတ်ပေးရန်၊ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အတွက် ပြဌာန်းထားသောဥပဒေများနှင့်အညီ အကျိုးခံ စားခွင့်ရရန်အတွက်

ထိုင်းအစိုးရနှင့်အထူးညှိနှိုင်းဆောင်ရွက်ပေးရန်၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့အပေါ် မတရား အမြတ်ထုတ်နေသာ အကျင့်ပျက်ဝန်ထမ်းများ၊ ထိုင်းနှင့် မြန်မာပွဲစားများကို ထိရောက်စွာ အရေးယူပေးရန်၊ ဖမ်းဆီးခံ အလုပ်သမားများကို ပြည်နှင်ဒဏ်ပေးရာတွင် တရားဝင် လမ်းကြောင်းဖြင့်သာ ပြည်နှင်ခြင်း၊ လက်ခံ ခြင်းများပြုလုပ်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏အခက်အခဲများကို ထိရောက်စွာဖြေရှင်းပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် အရည်အချင်းပြည့်ဝသော သံအရာထမ်း၊ အမှုထမ်းများ တိုးချဲ့ခန့်အပ်၍ ကူညီမှုပေးရန်တို့ ပါ၀င်ကြောင်း သိရသည်။

ထို့အပြင် လူသတ်မှု၊ ပစ္စည်းခိုးမှု စသောရာဇဝတ်မှုများတွင် စွပ်စွဲဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရသော အခါ တွင်လည်း အခြေခံ ရပိုင်ခွင့်ဖြစ်သော ရှေ့နေ၊စကားပြန် စသည့်အထောက်အကူများမရပဲ တရားစီရင်ခံရခြင်းတို့ အပြင် မြန်မာအလုပ်သမားများအနေဖြင့် အသတ်ခံရခြင်း၊ လုယက်ခံရခြင်းတို့ကိုလည်း ကြံုတွေ့နေရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၂ သိန်းကျော် နေထိုင်အလုပ်လုပ်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ကျော်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများသည် ဥပဒေပါပြဌာန်းမှုများအတိုင်း ခံစားခွင့်များမရှိ ဘဲ ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခအဖြစ် သတ်မှတ်ထားသော ဘတ်၃၀၀ကို မရရှိကြပဲ တစ်နေ့လျှင် ဘတ် ၁၂၀ မှ ၁၈၀ ခန့်သာရရှိနေကြောင်း သိရသည်။

Most read this week