ရေမျက်ကျေးရွာမှ နေအိမ်ပျက်စီးသူများ စာရင်းကောက်ယူပြီး ဆောင်ရွက်ပေးခြင်း မရှိသေး

ရေမျက်ကျေးရွာမှ နေအိမ်ပျက်စီးသူများ စာရင်းကောက်ယူပြီး ဆောင်ရွက်ပေးခြင်း မရှိသေး
by -
မဇ္စျိမ

မန္တေလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရေမျက် ကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်က ရွာသွန်းခဲ့သော မိုးကြောင့် နေအိမ်များ သဲမြုပ်၍ ပျက်စီးသွားရာအိမ်ထောင်စု ၁၀၀ ကျော် ပြောင်းရွှေ့နေရာချထားပေးရန် တိုင်းအစိုးရက စာရင်းကောက်ယူခိုင်းသော်လည်း ဆောင်ရွက်ပေးခြင်းမရှိသေးဟု ရေမျက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နိုင် က မဇ္ဈိမကို ပြောသည်။

“ပြောင်းရွှေ့နေရာချပေးဖို့ စာရင်းကောက်ပြီးသွားပြီ။ ဒါပေမဲ့ ဘယ်နေရာကို ချထားပေးမယ်ဆိုတာ မသိရဘူး။ နေ့ရက် မသိဘူး။ တိုင်းအစိုးရက လုပ်ပေးမယ်။ကောက်ဆိုလို့ စာရင်းကောက်ထားတယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ၊ ဘာမှလုပ်မပေးသေးဘူး။ သဲမြုပ်တဲ့ အိမ်တချို့လောက်ပဲ ပြန် ဖော်ပေးတာရှိတယ်”ဟု ၎င်းင်းအုပ်ချုပ်ရေးမှူး က ပြောသည်။

အဆိုပါရေမျက် တိုင်းအစိုးရအဖွဲ့က လာရောက်ကူညီမှုနည်းပြီး အရပ်ဘက်လူမှု ပရဟိတအဖွဲ့များ၏ လာရောက် လှူဒါန်းမှုများကိုသာ အားကိုးနေရသည်ဟု ဆိုသည်။

ရေမျက်ကျေးရွာမှ ပျက်စီးသွားသော အိမ်များက အိမ် ၁၀ လုံးကို မိုးကုတ်မြို့ ရှိအရပ်ဘက်ပရဟိတ လူမှု ရေးအဖွဲ့စည်းများမှ တည်ဆောက်ပေးရန် ဆောင်ရွက်နေသည်ဟု ပတ္တမြားမြေငြိမ်းချမ်းရေး ကွန်ရက်မှ ဦးစိုးဌေး က ဆိုသည်။

ရေမျက်ကျေးရွာရှိ နေအိမ်များ ပျက်စီးဆုံးရှုံးခြင်းနှင့် ဒေသခံ သုံးဦး သေဆုံးခြင်းတို့မှာ ရွှေတူးဖော်နေသည့် ကုမ္ပဏီများက ချောင်းချောက်ချောင်းကို တားဆီးပိတ်ဆို့ခဲ့မှုကြောင့် ဖြစ်ပွားခဲ့ရသည်ဟုဆို၍ ရေတားများ၊ ရေကာတာများ ပြုလုပ်ဆောင်ရွက်ခဲ့သော ကုမ္ပဏီများကို အရေးယူပေးရန်နှင့် တရားဝင်ရွှေတူးဖော်ခြင်းဟုတ်၊ မဟုတ် ဖော်ထုတ်ပေးရန် တိုင်းအစိုးရဖွဲ့ထံ အောက်တိုဘာနောက်ဆုံးပတ်တွင် လက်မှတ်များထိုး၍ တိုင်ကြားမည်ဟု ဆိုသည်။

Most read this week