ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် ဖောက်လုပ်ထားသော ထိုင်း- မြန်မာ လမ်းမကြီး ဖြတ်သန်းရာ လမ်း ကြောင်းပေါ်ရှိ ခမောင်းသွယ်ဒေသမှ သယံဇာတ တည်ရှိမှုများဆိုင်ရာ သုတေသန စာတမ်းရေးဆွဲပြီးဖြစ်သည်ဟု စာတမ်းရေးရာတွင်ပါသည့် တနင်္သာရီမြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားကွန်ရက် ဥက္ကဋ္ဌ စောဖရင်ကီ က ပြောသည်။
ရန်ကုန်မြို့ ဆန်းမစ်ပါ့ခ်ဗျုး ဟိုတယ်တွင် အောက်တိုဘာ ၆ ရက်က ကျင်းပသော ကမိုးသွေး (ခမောင်းသွယ် ဒေသ) ဌာနေ တိုင်းရင်းသားများ၏ ကျေးလက်ပညာ ဗဟုသုတ အခြေပြုသုတေသနမှ ရရှိသော သင်ခန်းစာ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် စက်တင်ဘာလအထိ ခမောင်းသွယ်ချောင်း တစ်လျှောက် သုတေသနပြုခဲ့ရာ ငါးမျိုးစိတ် ပေါင်း ၈၀ နှင့် အခမဲ့ရှာဖွေ စားသုံးနိုင်သော သဘာဝအလျောက်ပေါက်သည့် ဟင်းသီးဟင်း ရွက်ပေါင်း ၈၀ ကျော်ကို ဒေသခံများကတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ယင်းသုတေသနစာတမ်းအရ သိရသည်။
စောဖရင်ကီက “ဖွံ့ဖြိုးရေးလုပ်ငန်းကြောင့် ဒါတွေ ပျက်စီးရင် ဘယ်လိုတာဝန်ယူမလဲ ပြောလို့ရတဲ့အတွက် ဒီသုတေသန စာတမ်းက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် လက်နက်ပဲဖြစ်ပါတယ်” ဟု ပြောသည်။