ဗြိတိန်စုံတွဲကို သတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်ဆိုသော မြန်မာနိုင်ငံသားများအရေး အခင်းဖြစ်ပွားရာသို့ သွားရောက်စုံစမ်းမှုများတွင် လွတ်လပ်စွာဆောင်ရွက်ခွင့်မရဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဦးဆောင်သော အဖွဲ့က အောက်တိုဘာ ရ ရက်တွင် မဇ္စျိမကို ပြောသည်။
"မြန်မာလုပ်သားတွေအားလုံး ခြိမ်းခြောက်ခံထားရတဲ့ပုံပဲ မဖြေရဲကြဘူး။ သူတို့ဖုန်းတွေကိုလည်း ရဲကသိမ်းထားတယ်။ စွပ်စွဲခံထားရသူနဲ့ အနီးဆုံးရှိတဲ့ အလုပ်သမားနှစ်ဦးဆိုရင် မေးတာကိုပဲကြောက်နေပြီး ဘာမှမပြောပါရစေနဲ့လို့တောင် ပြန်ပြောတယ်”ဟု အဆိုပါ အဖွဲ့တွင် ပါဝင်သော တရားလွှတ်တော်ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
အခင်းဖြစ်ပွားရာနေရာဖြစ်သည့် ထိုင်းနိုင်ငံ၊ စူရက်ဌာနီခရိုင်၊ ခိုတောင်ကျွန်း(လိပ်ကျွန်း) သို့ ထိုင်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ကောင်စစ်ဝန် ဦးထွန်းအေး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (MAT) ဦးကျော်သောင်းတို့နှင့် အတူ အောက်တိုဘာ ရရက် တွင် သွားရောက်စုံစမ်းအပြီး ယင်းသို့ သုံးသပ်ခြင်းဖြစ်သည်။
"မကြာခင်မှာ ဒီကိစ္စနဲ့ပက်သက်ပြီး ထုတ်ပြန်မှာပါ။ အခုတော့ အစိုးရခြင်း သဘောတူထားတဲ့အတိုင်း သွားရောက်စုံစမ်းနေတယ်။ အဓိက တရားလိုပြရှေ့နေနဲ့တွေ့ဖို့၊ အမှုတွဲကူးယူဖို့ကိုလည်း အစိုးရခြင်းကတစ်ဆင့် တောင်းဆိုပါမယ်"ဟု ကောင်စစ်ဝန် ဦးထွန်းအေးက မဇ္စျိမကို ပြောသည်။
စုံစမ်းမှုအတွင်း တရားလိုပြသက်သေဟု ဆိုသော မြန်မာနိုင်ငံသားကို တွေ့ခွင့်နှင့် အမှုတွဲ မိတ္တူ ကူးခွင့်တို့ကို ထိုင်းရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ဟု ဆိုသည်။
အဆိုပါနေရာတွင် စက်တင်ဘာ ၁၅ရက်က ပြုလုပ်သည့် လပြည့်ညပွဲတော်နေ့တွင် ဗြိတိန်စုံတွဲ အသတ်ခံရခြင်းဖြစ်သည်။ အမှုဖြစ်ပွားပြီးနောက် ကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အားလုံးကို ထိုင်းရဲက ခေါ်ယူစစ်ဆေးရာတွင် လက်ရှိစွပ်စွဲခံရသူများ ပါ၀င်ခဲ့သော်လည်း ဖမ်းဆီး ခြင်း မပြုပေ။
ယင်းနောက် အောက်တိုဘာ ၁ရက်တွင်မှ လက်ရှိဖမ်းဆီးထားသူနှစ်ဦးကို ပြစ်မှုကျူးလွန်သူ အဖြစ် ဝန်ခံချက်ရထားသည်ဟု ထိုင်းရဲတို့က ထုတ်ပြန်ကြေညာသည်။
စုံစမ်းမှုရလာဒ်အရ မြန်မာတို့ကျူးလွန်သည်ဆိုခြင်း ဖြစ်နိုင်ခြေမရှိဟူသော သုံးသပ်ချက်သာ ရရှိထားသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။
ထိုင်းရဲတို့၏ စစ်ဆေးမှုအတွင်း ရေနွေးပူလောင်းခံရသည်ဟူသော မြန်မာအလုပ်သား ၃ ဦးကိုလည်း စုံစမ်းရေးအဖွဲ့ တွေ့ခွင့်မရခဲ့ဘဲ ဆေးဝါးကုသနေသည်ဟုသာ သိရသည်ဟု ဆိုသည်။
စုံစမ်းရေးအဖွဲ့သည် အောက်တိုဘာလ ၆ ရက်က ကော့စမွေထောင်တွင် ထိန်းသိမ်းထားသူ မြန်မာနိုင်ငံသား နှစ်ဦးကို သွားရောက်တွေ့ဆုံစဉ် အမှုမှန် ဖြစ်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။
နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိ တစ်ဦးကမူ စက်တင်ဘာ ရရက်ဉ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်တို့ကို သမ္မတ ခေါ်ယူ တွေ့ဆုံသည်ဟု မဇ္စျိမကို ပြောသည်။
ယင်းတွင် အစိုးရသက်သေဟု ထိုင်းရဲတို့ ဆိုသော မြန်မာ နိုင်ငံသားကို တွေ့ဆုံခွင့်၊ အမှုစစ်ဆေးရာတွင် ခုခံပိုင်ခွင့်နှင့် တရားရုံး ဆုံးဖြတ်ပြီးချိန်တွင် ထိုင်းနိုင်ငံ၏ ဥပဒေအရ အခွင့်အရေး အပြည့်အဝရရန်တို့ ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်ဟု ၎င်းက ပြောသည်။
အမှုရင်ဆိုင်နေရသူတို့မှာ မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်း ဆိုသူတို့ဖြစ်သည်။ မကြာမီ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိသည့် ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ယင်းအရေး ပွင့်လင်းမြင်သာ စွာ ဆောင်ရွက်ပေးရန် ဆွေးနွေးမည်ဟု သမ္မတရုံး အကြီးတန်းအရာရှိက ပြောသည်။