ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်ရှိ ဗိုလ်ချုပ်ကျောက်တိုင်မြေနှင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းနှင့် ပတ်သက်၍ ပြုလုပ်နေသည့် သတင်းစာရှင်းလင်းပွဲသို့ လူတစ်စုက ဝင်ရောက်ရိုက်နှက်သဖြင့် သတင်းစာရှင်းလင်းနေသူများ ဒဏ်ရာရှိခဲ့သည့်ဖြစ်ရပ် အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသိန်းဆင့်က မဇ္ဈိမကို ပြောသည်။
အင်းတကော်မြို့နယ်ရှိ ဗိုလ်ချုပ်ကျောက်တိုင်မြေကို ကုမ္ပဏီတစ်ခုက သိမ်းဆည်းထားခြင်းနှင့် လက်ရှိအချိန်အထိ လယ်ယာမြေများ သိမ်းဆည်းခံထားရခြင်းနှင့် စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲကို ဗိုလ်ချုပ်ကျောက်တိုင်တွင် ပြုလုပ်နေစဉ် ၂၀ ဦးခန့်ရှိသည့် လူတစ်စုက ဝင်ရောက် ရိုက်နှက်ခဲ့သဖြင့် ယင်းကဲ့သို့ဖြစ်ပွားခြဲ့ခင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အင်းတကော်ရှိ ခြံမြေရှစ်ဧက သိမ်းဆည်းခံထားရသူ ခေါင်းကွဲသွားသည့် ကိုတင်နိုင်အေးက "သတင်းစာရှင်းလင်းပွဲ စတုန်းပဲရှိသေးတယ်။ စင်ပေါ်တက်တုန်း လူတစ်စုက ဆွဲချပြီး ဝိုင်းရိုက်တယ်။ ဝိုင်းရိုက်လို့ ခေါင်းထိလို့ ဆေးရုံရောက်နေတယ်။ ဘာကြောင့်ရိုက်လဲတော့ မသိဘူး။ ဘယ်သူတွေဆိုတာလည်း မသိဘူး" ဟု ပြောသည်။
ယင်းသတင်းစာရှင်းလင်းပွဲသို့ လယ်ယာမြေ သိမ်းဆည်းခံရသူများ တက်ရောက်ကြပြီး အင်းတကော်မြို့နယ် အတွင်း လယ်မြေသိမ်းဆည်းခံထားရသူ ၁၀ဝ ကျော်ရှိပြီး လယ်ဧကပေါင်း ၅၀ဝ ကျော်သိမ်း ဆည်းခံထားရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဗိုလ်ချုပ်ကျောက်တိုင်မြေက ပေ ၂၀ လောက်သာ ကျန်ရှိတော့ပြီး မြေတစ်ဧကနီးပါးကို အာဏာပိုင် များက ရောင်းချထားရာ အဆိုပါနေရာတွင် Good Brother ကုမ္ပဏီက ဆောက်လုပ်နေပြီဖြစ်ကြောင်း ဦးတင်နိုင်အေးက ဆိုသည်။
လယ်ယာမြေဧက ၁၅၀ ခန့်သိမ်းဆည်းခံထားရသူ ဦးသိန်းဆင့်က "ဒီသတင်းစာရှင်းလင်းပွဲ လုပ်နေတုန်း လာနှောင့်ယှက်တာပဲ။ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျမသိဘူး။ ကိုယ့်ကိုယ်ကိုယ် မနည်းကာကွယ်ရတယ်။ လူတွေတက်လာပြီး ဘယ်သူဦးစီး လုပ်တာလဲဆိုပြီး ဆဲဆိုပြီး ထိုးတော့တာပဲ။ ကိုယ့်လူ ကိုယ်စုပြီး ထွက်ပြေးလာတယ်" ဟု ပြောသည်။
ယင်းသတင်းစာ ရှင်းလင်းပွဲအနီးသို့ ဘယ်အချိန်က ရောက်ရှိနေလဲမသိသည့် သူများက မီးချောင်း၊ ပုလင်းများဖြင့် ဝင်ရိုက်ကြခြင်းဖြစ်သည်ဟု အရိုက်ခံရသူများက ဆိုသည်။ ဘယ်ဘက်နှဖူး ဖူးရောင်သွားသည့် အင်းတကော်မြို့နယ်နေ လယ်သမားအရေး ဆောင်ရွက်သူ ကိုနိုင်နိုင်ဇော်က "ဒီအခင်း ဖြစ်တဲ့နေရာနဲ့ ရဲစခန်းက ကိုက် ၁၀ဝ တောင် မကွာဘူး။ အုပ်ချုပ်ရေးရုံးလည်း ရှိတယ်။ ရဲတွေအများကြီးရှိနေတဲ့ နေရာမှာ မင်းမဲ့ စရိုက်ဆန်လွန်းတယ်။အကွက်ကျကျ စီစဉ်ထားသလိုမျိုး။ မလုပ်နဲ့ လို့တားတဲ့ မိန်းမတွေကိုလည်း ပါးတွေ နားတွေ ရိုက်တယ်" ဟု ပြောသည်။
ယင်းသို့ ဖြစ်ပွားခြင်းကြောင့် သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူများဖြစ်သည့် ကိုဟန်လင်းအောင်၊ ကိုတင်နိုင်အေး၊ ဦးသိန်းဆင့်နှင့် ဦးနိုင်အောင်တို့ ဒဏ်ရာရရှိကာ အင်းတကော်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်ဟု ဦးသိန်းဆင့်ထံမှ သိရသည်။